နေပြည်တော်  စက်တင်ဘာ ၁၁ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) တို့ ပူးပေါင်း၍ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ် သည့် (၁၇)ကြိမ်မြောက် အမျိုးသားအဆင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးပွဲ အခမ်းအနားကို ၁၁-၉-၂၀၂၀ ရက်နေ့၊ ၁၃:၀၀ နာရီတွင် အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ILO ဆက်သွယ်ရေးအရာရှိ Mr. Donglin Li နှင့် (ILO) ရန်ကုန်ရုံးမှ ကိုယ်စားလှယ်များ၊  အလုပ်သမားကိုယ်စားလှယ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များနှင့်ဝန်ကြီးဌာနမှတာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး မှအဖွင့်အမှာစကားပြောကြားရာတွင် ယနေ့သုံးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၌ COVID-19 ရောဂါကူးစက်မှုများရှိ၍ ရောဂါ ထိန်းချုပ်နိုင်ရေးဖြင့် အလုပ်သမားများဘေးအန္တရာယ်ကင်းရှင်းစေရေးလုပ်ဆောင်သင့်သည်များကို ပူးပေါင်းအဖြေရှာကြရန်ဖြစ်ပါကြောင်း။

Covid 19 ရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ မည်ကဲ့သို့ထိန်းချုပ်ဆောင်ရွက်သွားမည်ကို လက်ရှိအချိန်တွင်ရောဂါ ထိန်းချုပ်ရေး နှင့်ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အလုပ်သမားများဘေးအန္တရာယ် ကင်းရှင်းရန်လုပ်ဆောင်သည့်အချက်များအားပူးပေါင်းပြီးရှာဖွေကြရန်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေး မှုများသည် အလုပ်သမားအင်အားများပြားသည့် ရန်ကုန်တိုင်းဒေသကြီးတစ်ခုအတွက်သာ ဦးတည် ဆွေးနွေးကြခြင်းဖြစ်သော်လည်း နိုင်ငံတစ်ဝန်းရှိ စက်ရုံ၊အလုပ်ရုံများ၊ စက်မှုဇုန်များနှင့် သက်ဆိုင် ပါကြောင်း၊ ယခုဆွေးနွေးပွဲမှရရှိသည့် အချက်များအပေါ်မူတည်၍ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ဇွန်လ ၂၃ ရက်နေ့တွင် ကျင်းပခဲ့သည့် ၁၆ ကြိမ်မြောက် အမျိုးသား အဆင့်သုံးပွင့်ဆိုင် ဆွေးနွေးပွဲအား Video Conferencing စနစ်ဖြင့်ကျင်းပခဲ့ပြီး Covid 19 အကျပ်အတည်းကာလကို ကျော်လွှားနိုင်ရန် Covid 19 စီးပွားရေးကုစားမှုအစီအစဉ် CERP ချမှတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များအကြား သတင်းအချက်အလက်များမျှဝေဖလှယ်ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် ရလဒ်ကောင်းများရမည်ဖြစ်ကြောင်း၊ Covid 19 ကြောင့်ဖြစ်ပေါ် လာမည့် New Normal ကျင့်သုံးမှုပုံစံကို ပူးပေါင်းဆောင်ရွက်ရန်သဘောတူခဲ့ကြပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာစံနှုန်းများအပေါ်အခြေခံပြီး ILO အဖွဲ့ ၏ Covid 19 အကြပ်အတည်းတုံ့ပြန်ရေးနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်အလုပ်အကိုင် ကဏ္ဍပြန်လည်နိုးထလာစေရေးဆောင်ရွက်ပေးရန်၊ အလုပ်ဌာနများ အလုပ်အကိုင်များ ဝင်ငွေရှိမှု များအတွက်ထောက်ပံ့ပေးရန်၊ လုပ်ငန်းခွင်နေရာများတွင် အလုပ်သမားများအား အကာအကွယ် ပေးရန်၊ ဖြေရှင်းဆောင်ရွက်ရမည့်နည်းလမ်းများအတွက် လူမှုရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက်ဆောင်ရွက်ရေး  တို့ဖြစ်သည့် အဓိကလုပ်ငန်းမဏ္ဍိုင်(၄)ရပ် ရှိပြီး အဆိုပါမဏ္ဍိုင်(၄)ရပ် အား နိုင်ငံတော်အစိုးရနှင့်ဝန်ကြီးဌာနတို့ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း။

ဩဂုတ်လ ၁၂ ရက်နေ့တွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လူ ၃၀ ဦးထက်ပို၍ စုဝေးခြင်းမပြုရန် အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်၌ ဩဂုတ်လလည်မှ စ၍ COVID-19 ရောဂါပြန့်ပွားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးမှာ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင် ရေးအတွက် တိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ်၏ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးလူဝင်မှုကြီးကြပ် ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးမှ အနီးကပ်ကြီးကြပ်ကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့မှ ကိုယ်စားလှယ် များပါဝင်သည့် စစ်ဆေးရေးအဖွဲ့များနဲ့ စက်ရုံ၊အလုပ်ရုံများကိုဝင်ရောက်စစ်ဆေးပြီး လိုအပ်သည် များကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း။

ဩဂုတ်လ၂၉ရက်နေ့တွင် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်အစည်းအဝေးခန်းမ၌ အထည်ချုပ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ Covid 19 ကပ်ရောဂါပြန်လည် ဖြစ်ပွားမှုမြှင့်တက်လာခြင်းကြောင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကိုအားလုံးပူးပေါင်း၍အလေးထား သတိပြုဆောင်ရွက်ပေးရေး၊ နိုင်ငံတော်အစိုးရအနေဖြင့်ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံရန်သင့်တော်သည့် ပတ်ဝန်းကျင်ကောင်းဖြစ်စေရေး ဖြေလျော့ဆောင်ရွက်မှုများအဖြစ် ကြိုးပမ်းဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ အထည်ချုပ်လုပ်ငန်းများ ဆက်လက်ရှင်သန်ဖွံ့ဖြိုးနိုင်ရေး အားလုံးဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့မှာကြားခဲ့ပါကြောင်း။

ထို့အတူ ဩဂုတ်လ ၃၀ ရက်နေ့မှာ ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန်၊ ကနောင်ခန်းမ၌ အလုပ်သမားသမဂ္ဂကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ လက်ရှိအချိန်တွင် စက်ရုံ၊အလုပ်ရုံ၊ ဆိုင်၊အလုပ် ဌာနများမှာ အလုပ်အကိုင်အခွင့်အလမ်းများတည်မြဲရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်သားများကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်ပရင်းနှီး မြှုပ်နှံမှုများတိုးတက်ကောင်းမွန်စေရေးအလေးထားဆောင်ရွက်ပေးနေကြောင်း၊Covid 19 ရိုက်ခတ် မှုကြောင့် နောက်ဆက်တွဲ စီးပွားရေးကျဆင်းမှုကို ကုစားနိုင်ရန် စက်ရုံ၊ အလုပ်ရုံများမှာဖြစ်ပေါ်လာ နိုင်သည့်စိန်ခေါ်မှုများကိုသုံးပွင့်ဆိုင်ပူးပေါင်းဖြေရှင်းရေး၊ Covid 19 ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့်အညီတိကျစွာလိုက်နာ ဆောင်ရွက်မှုကိုအသိအမှတ်ပြုကြောင်းနှင့် ထိုသို့ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကြိုတင်ကာကွယ်ကြ ရန် ဆွေးနွေးခဲ့ပါကြောင်း။

စက်ရုံ၊အလုပ်ရုံများတွင် Covid 19 ရောဂါပျံ့နှံ့မှုများရှိနေသောကြောင့် အဆိုပါရောဂါနှင့် ပတ်သက်ပြီးအလုပ်သမားများနှင့်အလုပ်ရှင်များအပေါ်တွင်ကျရောက်လာမည့် အန္တရယ်များကင်းရှင်း နိုင်ရေးလုပ်ဆောင်သင့်သည့်အချက်များကို ဆွေးနွေးသွားကြခြင်းဖြစ်ပါကြောင်း၊ ရှေ့အနာဂါတ် ကာလတွင်အလုပ်သမားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း ဥပဒေပြင်ဆင်ရေး၊ အလုပ် သမားအခွင့်အရေး၊ အလုပ်ရှင်နှင့်ဆိုင်သည့်ကိစ္စများအပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ဆက်ဆံ သည့်ကိစ္စရပ်များတွင် ယခုကဲ့သို့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားများ ရောဂါပျံ့နှံ့မှု Quarintine ဝင်ရောက်ရမှုနှင့် ဆေးကုသမှုအခြေအနေများအား မပြတ်စောင့်ကြည့်လျှက်ရှိပြီး အလုပ်ရှင်များနှင့်ပတ်သက်သည့် အလုပ်အမှာစာ(Order) ရောက်ရှိမှု အခြေအနေ၊ ရင်းနှီးမြုပ်နှံမှုအခြေအနေများ၊ ရှေ့အလားအလာများနှင့်ပတ်သက်၍ အိမ်နီးချင်းနိုင်ငံ များနှင့်ကမ္ဘာ့နိုင်ငံများ၏ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုအခြေအနေများအပေါ် လေ့လာသုံးသပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလုပ်ရှင်အလုပ်သမားများ၏ဆန္ဒသဘောထား အခက်အခဲများ အားအလေးထားဆောင်ရွက်လျက်ရှိပြီးတစ်ဦးချင်းစည်းကမ်းရှိစွာဖြင့်အားလုံးပူးပေါင်း၍ယခုကာလ အားအမြန်ဆုံးကျော်လွှားသွားနိင်ရေးတိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် Video Conferencing စနစ်ဖြင့် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြမည့် ILO  ဆက်သွယ်ရေးအရာရှိ Mr. Donglin Li ၊ အလုပ်သမားကိုယ်စားလှယ်နှင့် အလုပ်ရှင်ကိုယ်စားလှယ် တို့မှအသီးသီးနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့် ကိုယ်စားလှယ် များမှ လက်ရှိတွေ့ကြုံနေရသည့် အလုပ်သမားများအကြား COVID 19 ရောဂါပျံ့နှံ့မှုအား တားဆီး ထိန်းချုပ်နိုင်ရေးကိစ္စရပ်များနှင့် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ဆက်လက်ပူးပေါင်းဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။