နေပြည်တော် ၊စက်တင်ဘာ ၇ ရက်
အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၏ COVID-19 ကာလအတွင်း အလုပ်သမားရေး ရာအငြင်းပွားမှုများအား ဖြေရှင်းဆောင်ရွက်မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ် များအား ပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်း တင်ပြသည့် အခမ်းအနားကို ၇-၉-၂၀၂၀ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာနသည် အလုပ်သမားအငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက် ရာ၌ အဓိကလုပ်ဆောင်ရသည့် ဌာနဖြစ်ကြောင်း၊ ထို့ကြောင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ အနေဖြင့် သက်ဆိုင်သည့် ဥပဒေများကို ပိုမိုသိရှိနားလည်အောင် လေ့လာဆောင် ရွက်ထားကြရန်နှင့် အငြင်း ပွားမှု ဖြေရှင်းရေးနည်းစနစ်များကို ယခုထက် ပိုမိုလေ့လာဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ် ပါကြောင်း၊ ယခု Covid-19 ကာလအတွင်းအငြင်းပွားမှုကိစ္စအများစုအား စက်ရုံ၊ အလုပ်ရုံ အတွင်း မှာပင်ပြေလည် အောင်ဖြေ ရှင်းဆောင်ရွက်နိုင်သည်ကိုတွေ့ရပါကြောင်း၊ ထိုသို့ဖြေရှင်းရာ၌ တစ်ဦး ကောင်းဝါဒဖြင့် ဖြေရှင်း၍မရဘဲ သတ်မှတ် ထားသည့်လုပ်ထုံးလုပ်နည်း စည်းမျဉ်း စည်းကမ်းများ၊ ဥပဒေနှင့်အညီ ဆောင်ရွက်မှသာ ရေရှည်တွင် အောင်မြင်အောင်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊
စက်ရုံ၊အလုပ်ရုံများ၌ ဖွဲ့စည်းထားသည့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC) ၏ အခန်းကဏ္ဍကို ပိုမိုကျယ်ပြန့် လာစေရန် ယခုထက်ပိုမို၍ WCC အဖွဲ့များ တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဌာနအနေဖြင့် အငြင်းပွားမှုများကို ဖြန်ဖြေဆောင်ရွက်ရသည့် အတွက် အလုပ်ရှင်၊အလုပ်သမားများ အကြား သမာသမတ်ကျစွာ မျှတအောင်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ စက်ရုံ၊ အလုပ်ရုံများရှိ HR မန်နေဂျာ များအား လုပ်ငန်းခွင်ဆက်ဆံရေး အားကောင်း လာစေရန်၎င်းတို့၏အခန်းကဏ္ဍကိုမြှင့်တင်ပေးရန်အတွက် အသိပညာပေးသင်တန်းများဆက်လက် တိုးမြှင့်ဖွင့်လှစ်သွားရန်လိုအပ်ပါကြောင်း၊ Covid-19 ကပ်ရောဂါကြောင့် စက်ရုံ၊အလုပ်ရုံများ အပြီးပိတ်သိမ်းခြင်း၊ ယာယီပိတ်သိမ်းခြင်း၊ လုပ်သားအင်အားလျော့ချခြင်းများအတွက် ဦးစီးဌာန များအနေဖြင့် အလုပ်ရှင်၊အလုပ်သမား နှစ်ဦး နှစ်ဖက် စက်ရုံ၊အလုပ်ရုံ အတွင်းမှာပင် ပြေလည်မှု ရရှိပြီး ဥပဒေနှင့်အညီလျော်ကြေးများ အမြန်ရရှိအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ထမ်းများ၊ ခုံသမာဓိအဖွဲ့ဝင်များ၊ ခုံသမာဓိကောင်စီအဖွဲ့ဝင်များ၏ အရည် အသွေး တိုးတက်မြှင့်မားရေး အတွက် စီမံချက်ဖြင့် လုပ်ဆောင်သွားရန်လိုအပ်ကြောင်း၊ ထို့အပြင် အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအား ခေတ်နှင့်အညီ ပြုပြင် သင့်သည်များကို မပြတ်လေ့လာ၍ ပြောင်းလဲရေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
Covid-19 ကူးစက်မြန်ရောဂါ၏ နောက်ဆက်တွဲဖြစ်ပေါ်လာသော စီးပွားရေးဂယက်များ ကြောင့်စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအနေဖြင့် ကုန်ချောများ တင်ပို့ရန် အခက်အခဲဖြစ်နေခြင်း၊ ကုန်ကြမ်းပြတ်လပ်ခြင်း၊ ကုန်အမှာစာမရရှိခြင်းစသည့် အခက်အခဲများကြောင့် စီးပွားရေးလုပ်ငန်း များ ထိခိုက်ကျဆင်းလာ သည်နှင့်အမျှ စက်ရုံများအပြီးပိတ်ခြင်း၊ ယာယီပိတ်ခြင်း၊ အလုပ်သမား အင်အားလျှော့ချခြင်း ဖြစ်စဉ်များဖြစ် ပေါ်လျက်ရှိကြောင်း၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီး ဌာန၏ အဓိကလုပ်ငန်းတာဝန်အရ အငြင်းပွားမှုများကို ဖျန်ဖြေဆုံးဖြတ်ရသည့် ဌာနဖြစ်၍ အလုပ် သမားများ အင်အားလျှော့ချခံရခြင်း သို့မဟုတ် စက်ရုံ၊ အလုပ်ရုံပိတ်သိမ်းခြင်းကြောင့် အလုပ်ရပ်စဲ ခံရသည့်ကိစ္စများပေါ်ပေါက်ပါက ဥပဒေနှင့်အညီ သတ်မှတ်ထားသော အလုပ်ရပ်စဲမှု နစ်နာကြေး များကို ကြန့်ကြာမှုမရှိစေဘဲ ရရှိခံစားနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
လုပ်ငန်းခွင်အတွင်း အလုပ်သမားရေးရာပြဿနာများ လျော့နည်းလာစေရန်အတွက် မိမိတို့ ၏ လုပ်ငန်းခွင်အတွင်း လိုအပ်ချက်များကို လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) တွင် အလုပ်ရှင် နှင့်အလုပ်သမားနှစ်ဦးနှစ်ဖက်ပွင့်လင်းစွာ ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အထူးသဖြင့် Covid-19 ဖြစ်ပွားစဉ်ကာလအတွင်း အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက် ရှိခြင်းကြောင့် မိမိတို့၏လိုလားချက်များကို WCC တွင် Bipartite ဆွေးနွေးမှုများ ပိုမိုလုပ်ဆောင် ခြင်းဖြင့် နှစ်ဖက်ပြေလည်မှုရရှိကာ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းပြီး ကုန်ထုတ်လုပ်မှု တိုးတက် လာပါက အလုပ်ရှင်အနေဖြင့် အကျိုးအမြတ်ရရှိလာလျှင် လုပ်သမားများ၏ ကျွမ်းကျင်မှုအလိုက် လုပ်ခလစာများ တိုးမြှင့်ပေးနိုင်မှာဖြစ်ကြောင်း၊
Covid-19 ကာလအတွင်း အလုပ်ရှင်နှင့် အလုပ်သမားများသည် တောင်းဆိုချက်များကို WCC တွင်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လာတာကိုတွေ့ရှိရကြောင်း၊အချို့အလုပ်ရှင်များ အနေဖြင့် မိမိတို့စက်ရုံ ယာယီပိတ်သိမ်းမည့်ကိစ္စ၊ထိုသို့ပိတ်သိမ်းစဉ်အလုပ်သမားများအားလစာ၏ ရာခိုင်နှုန်း နှုန်းထားဖြင့်ခံစားခွင့်ပေးသည့်ကိစ္စ၊ အင်အားလျှော့ချရမည့်အခြေအနေတို့ကို WCC တွင်ညှိနှိုင်းလာ သည်ကိုတွေ့ရှိရကြောင်း၊ အလုပ်သမားများအနေဖြင့်လည်းဥပဒေမဲ့ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်း မပြုလုပ်ဘဲ လုပ်ငန်းခွင်အတွင်း ငြိမ်းချမ်းစွာ တောင်းဆိုလာသည်ကို တွေ့ရှိရကြောင်း၊
အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ် (EC) ကို ဖောက်ဖျက် ကျူးလွန်သောကြောင့် အလုပ်မှထုတ်ပယ်သည့်အငြင်းပွားမှုများတွင် သက်ဆိုင်ရာဦးစီးဌာနသို့ အမှုတွဲလွှဲပြောင်းခြင်းထက် သက်ဆိုင်ရာတာဝန်ခံအရာရှိမှ ပူးပေါင်းဖြေရှင်းပေးပါကပြေငြိမ်းမှု ရရှိသည်ကို တွေ့ရှိရသည့်အပြင် အငြင်းပွားမှုများ၏ ၇၀% သည် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့အဆင့်တွင် ပြေငြိမ်းမှု ရရှိသည်ကို တွေ့ရှိရကြောင်း၊
မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဆင့်တွင် အမှုတွဲလွှဲပြောင်းသည့်ကိစ္စရပ်များကြောင့် အငြင်းပွား မှုများဖြေရှင်းဆောင်ရွက်ရာတွင်ကြန့်ကြာမှုမရှိစေရေးအတွက် လိုအပ်ပါကသက်ဆိုင်ရာဌာနများမှ တစ်ပါတည်း သွားရောက်၍ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်ပြီး၊ အလုပ်သမားများအနေဖြင့် ဥပဒေတွင်မပါရှိသည့် နှစ်ဖက်ညှိနှိုင်းရမည့်အချက်များ၊ အလုပ်ရှင်၏စီမံခန့်ခွဲပိုင်ခွင့်အရလုပ်ဆောင် ပေးရမည့် အချက်များကို တောင်းဆိုလာပါက ပြေငြိမ်းမှုရရှိစေရန်အတွက် WCC တွင်ညှိနှိုင်းစေပြီး ပြေလည်မှု မရပါကသက်ဆိုင်ရာ မြို့နယ်တာဝန်ခံအရာရှိများမှပေါင်းစပ်ဖြေရှင်းပေးရန်ပြောကြားခဲ့ ပါသည်။
ယင်းနောက် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က Covid-19 ကာလအတွင်း ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီတို့၏ အလုပ်သမား ရေးရာအငြင်းပွားမှုများ ဖြေရှင်းပေးခဲ့မှုအခြေအနေများ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC) ဖွဲ့စည်းမှုအခြေအနေများ၊ တရားစွဲဆိုဆောင်ရွက်မှု အခြေအနေများ၊ Covid-19ကာလအတွင်း စက်ရုံပိတ်သိမ်းခြင်း၊ အင်အားလျှော့ချခြင်း အခြေအနေများ၊ အငြင်းပွားမှုဖြေ ရှင်းရေးဆိုင်ရာ Standard Operating Procedure(SOP)နှင့် နည်းဥပဒေများ ရေးဆွဲမှု အခြေအနေ များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်အခြေအနေများအား အသေးစိတ်ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေး ခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးက အငြင်းပွားမှုများဖြေရှင်းရေးဆောင်ရွက်ရာတွင် WCC သည် အခြေခံကျခြင်းကြောင့် WCC များ တိုးချဲ့ဖွဲ့စည်းနိုင်ရေးနှင့် WCC တွင် ဆွေးနွေးညှိနှိုင်းမှုများ လုပ် ဆောင်နိုင်ရေးတွန်းအားပေးဆောင်ရွက်ရန်၊ WCCအဖွဲ့ဝင်များအားသင်တန်းပေးနိုင်ရေးဆောင်ရွက် ရန်နှင့် အလုပ်သမားရေးရာအငြင်းပွားမှုများအား ဖြေရှင်းဆောင်ရွက်ခြင်းသည် အဓိကလုပ်ငန်း တာဝန် ဖြစ်ခြင်းကြောင့် အငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ကြန့်ကြာမှု မရှိစေဘဲ လုပ်ဆောင်နိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။