နေပြည်တော် ၊ ဇူလိုင် ၁၇
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ILO တို့ပူးပေါင်း၍ အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား(National Complaints Mechanism-NCM) လည်ပတ်အကောင်အထည်ဖော်မှုနှင့်ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များနှင့်ပတ်သက်၍ အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသား ကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၀၉:၃၀ နာရီအချိန်၌ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့် ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမျိုးသားအဆင့်အဓမ္မခိုင်းစေ မှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီအဖွဲ့ဝင်များ၊ ILO ဆက်သွယ်ရေးအရာရှိ Mr. Donglin Li နှင့်(ILO)ရန်ကုန်ရုံးမှကိုယ်စားလှယ်များ၊အလုပ်ရှင်ကိုယ်စား လှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။
ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် အဓမ္မခိုင်းစေမှုပပျောက်ရေးကို ၂၀၀၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဆယ်စုနှစ် နှစ်ခုနီးပါး ILO အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း။ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် Decent Work Country Programme-DWCP (2018-2021) ကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ကိုယ်စားလှယ်များနှင့် ILO တို့ လက်မှတ်ရေးထိုးကာ DWCP ဦးစားပေးလုပ်ငန်းစဉ် (၃) ရပ်ချမှတ်ခဲ့ပြီး လုပ်ငန်းစဉ် (၂) အရ အကောင်အထည်ဖော်ဆောင်ရွက်နေတာ ဖြစ်ပါကြောင်း။
DWCPပါလုပ်ငန်းစဉ်အရအဓမ္မခိုင်းစေမှုပပျောက်ရေးလုပ်ငန်းစီမံချက်(၂၀၁၉-၂၀၂၁)ရေးဆွဲ ပြီး အဓမ္မခိုင်းစေမှုပပျောက်ရေးကို အမျိုးသားအဆင့်တိုင်ကြားမှုယန္တရား (National Complaints Mechanism-NCM) ထူထောင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဓမ္မခိုင်းစေမှုတိုင် ကြားချက်များကို ဖြေရှင်းဆောင်ရွက်ရာတွင် သက်ဆိုင်သည့်ဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကကိုယ်စားလှယ်များပါဝင်သည့် အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှု ယန္တရားအကောင်အထည်ဖော်ရေး အမျိုးသားကော်မတီကို ၂-၁၂-၂၀၁၉ ခုနှစ်၌ ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းပေးခဲ့ပါကြောင်း။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၁ − ၂၂ ရက်နေ့များတွင် ကျင်းပခဲ့သည့် (၁၄) ကြိမ်မြောက် အမျိုးသားအဆင့်သုံးပွင့်ဆိုင်ဆွေးနွေးပွဲ၌အလုပ်သမားကိုယ်စားလှယ်များက အမျိုးသားကော်မတီ တွင် အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ ပါဝင်လိုကြောင်း အဆိုပြုခဲ့ပြီး ILO ဒုတိယ ညွှန်ကြားရေးမှူးချုပ်ကပါ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ ထည့်သွင်းဖွဲ့စည်းခြင်းဖြင့် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား ပုံရိပ်ကို ပိုမိုအားကောင်းစေမှာ ဖြစ်ကြောင်း အကြံပြုခဲ့သည့်အတွက် မိတ်ဖက်များနှင့် ILO ၏ အကြံပြုချက်ကို အလေးထားသော အားဖြင့် အမျိုးသားကော်မတီတွင် အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ ပါဝင်ရေး နိုင်ငံတော်သမ္မတရုံးထံ တင်ပြခွင့်ပြုချက်ရယူပြီး ၈-၄-၂၀၂၀ ရက်နေ့တွင် ပြည်ထောင်စုအစိုးရ အဖွဲ့ကပြင်ဆင်ဖွဲ့စည်းပေးခဲ့ပါကြောင်း။ အဆိုပါ ကော်မတီတွင် မိတ်ဖက်များဖြစ်သည့် အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များနှင့် သီးခြားလွတ်လပ်သောအဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကိုယ်စားလှယ်ပါထည့်သွင်းဖွဲ့စည်းထားသည့်အတွက် ထူးခြား သည့် ကော်မတီဖြစ်ပါကြောင်း။
တိုင်ကြားမှုယန္တရားကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှ စတင်လည်ပတ်ခဲ့ပြီး တိုင်ကြား လိုသူများအနေဖြင့် အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရားရုံးအဖွဲ့သို့ တိုက်ရိုက် တိုင်ကြားနိုင်သကဲ့သို့ ILO အပါအဝင် လွှတ်တော်၊ နိုင်ငံတော်သမ္မတရုံး၊ အဖွဲ့အစည်းများမှတစ်ဆင့် တိုင်ကြားနိုင်ကြောင်းကို အများပြည်သူသိရှိနိုင်ရန် မြန်မာ့ရုပ်မြင်သံကြား၊ မြန်မာ့အသံရေဒီယို၊ FM ရေဒီယိုများနှင့် နေ့စဉ်ထုတ်သတင်းစာများတွင် ၁၁−၂−၂၀၂၀ ရက်နေ့ကစတင် အသိပေးကြေညာ ခဲ့ပါကြောင်း။
အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရားထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် အမျိုး သားကော်မတီအဖွဲ့ဝင်များအတွက် ILO ၏ အကူအညီဖြင့် Orientation Session ကို ၂၇−၂−၂၀၂၀ ရက်နေ့၌ နေပြည်တော်တွင် ကျင်းပခဲ့ပြီး ကော်မတီဝင်များအနေဖြင့် အဓမ္မခိုင်းစေမှုနှင့်ပတ်သက် ၍ အဓိကကျသည့် အချက်များကို သေချာစွာသိရှိပြီးဖြစ်မည်ဟု ယုံကြည်ပါကြောင်း။
ယနေ့ညှိနှိုင်းအစည်းအဝေးတွင် အဓမ္မခိုင်းစေမှုပပျောက်ရေးလုပ်ငန်းစီမံချက် အကောင် အထည်ဖော်မှု၊ အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော် မှုများကို ရှင်းလင်းဆွေးနွေးသွားမှာဖြစ်ပါကြောင်း။
NCMထူထောင်ဆဲကြားကာလယန္တရားမှာ SU ယန္တရားအရ ပိတ်သိမ်းရန် ကြန့်ကြာနေသည့် ကာကွယ်ရေးဝန်ကြီးဌာနနှင့်သက်ဆိုင်သည့်၃၇၈မှုကိုပိတ်သိမ်းနိုင်ရေးဆောင်ရွက်ရန်ကာကွယ်ရေး ဝန်ကြီးဌာန၊ မိမိတို့ဝန်ကြီးဌာန နှင့် ILO တို့ ညှိနှိုင်းအစည်းအဝေး ၃ ကြိမ် ကျင်းပပြီး ၂၁၇ မှု ပိတ်သိမ်းနိုင်ခဲ့ပြီး ကျန် ၁၆၁ မှုကို အမြန်ဆုံးပိတ်သိမ်းနိုင်ရေး ILO ကို အလေးထား ဆောင်ရွက်ပေး ပါရန်ပြောကြားလိုပါကြောင်း။
ILO က SU ယန္တရားအရ လက်ခံထားပြီး SU ကာလပြီးဆုံးချိန်မှ ပေးပို့ခဲ့သည့် ၂၇၇ မှုကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဖြေရှင်းပြီး ပြန်ကြားချက်များ ပေးပို့ခဲ့သည့် အပေါ် ILO က ပိတ်သိမ်း ပေးခဲ့သည့် အမှုများရှိသကဲ့သို့ ပိတ်သိမ်းရန် ကျန်သည့်အမှုများပါ အမြန်ဆုံးပိတ်သိမ်းနိုင် ရေးပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း။ ကာကွယ်ရေးက ဖြေရှင်းရန်ကျန်သည့်အမှုများကို အမြန်ဆုံးဖြေရှင်း ပြန်ကြားပေးရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
အဓမ္မခိုင်းစေမှုပပျောက်ရေးသည်နိုင်ငံတော်၏အန္တိမရည်မှန်းချက်ဖြစ်ပြီး ဌာန၊ အဖွဲ့အစည်း တစ်ခုထဲဖြင့် အဆိုပါ ရည်မှန်းချက်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန်မဖြစ်နိုင်သည့်အတွက် သက်ဆိုင်ရာဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ အမျိုးသားရေးခံယူချက်ဖြင့် ပူးပေါင်း ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် ILO ဆက်သွယ်ရေးအရာရှိ Mr. Donglin Li က နှုတ်ခွန်းဆက်စကားပြောကြား ခဲ့ပြီး အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီ အတွင်းရေးမှူး၊ အလုပ်သမားရေးရာဆိုင်ရာ၊ အမြဲတမ်းအတွင်းဝန်မှ အဓမ္မ ခိုင်းစေမှုပပျောက်ရေးလုပ်ငန်းစီမံချက်(၂၀၁၉-၂၀၂၁)ကိုလည်းကောင်း၊အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ NCM မှ စံသတ်မှတ်ထားသည့် လုပ်ငန်းစဉ်များနှင့် NCM သို့ တိုင်ကြားလာသည့်အမှုများ ဖြေရှင်းဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း အသီးသီး ရှင်းလင်း တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှု ယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီအဖွဲ့ဝင်များမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြပြီး ညှိနှိုင်းအစည်းအဝေးအား နေ့လည် ၁၂:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။