နေပြည်တော် ၊ဇွန် လ ၂၃ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) တို့ ပူးပေါင်း၍ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ် သည့် (၁၆) ကြိမ်မြောက် အမျိုးသားအဆင့် အစိုးရ၊အလုပ်ရှင်၊အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးပွဲ အခမ်းအနားကို ၂၃-၆-၂၀၂၀ ရက်နေ့၊ ၉:၀၀ နာရီ တွင် အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ILO ဆက်သွယ်ရေးအရာရှိ Mr. Donglin Li နှင့် (ILO) ရန်ကုန်ရုံးမှ ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များနှင့်ဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ အဖွင့်အမှာစကား ပြောကြားရာ၌ အမျိုးသားအဆင့်သုံးပွင့် ဆိုင်ဆွေးနွေးပွဲ(NTDF)အစည်းအဝေးကို ၄ လတစ်ကြိမ်ပုံမှန်ကျင်းပခဲ့ရာတွင် ၂၅-၂-၂၀၂၀ ရက်နေ့ တွင် နေပြည်တော်၊ Park Royal Hotel ၌ ၁၅ ကြိမ်မြောက် အမျိုးသားအဆင့်သုံးပွင့်ဆိုင် ဆွေးနွေး ပွဲကိုကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် ၁၀ ချက်ချမှတ်ခဲ့ပါကြောင်း၊ လက်ရှိအခြေအနေမှာ ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံတွင်လည်း COVID-19 ကာကွယ် ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဖွဲ့စည်း၍ စိန်ခေါ်မှုများကို ပြည်သူနှင့်အတူ ရင်ဆိုင်ကျော်လွှားလျက်ရှိပါကြောင်း။ (၁၆) ကြိမ်မြောက်ဆွေးနွေးပွဲကို ယခင်အစည်းအဝေးများ ကဲ့သို့တစ်နေရာတည်းမျက်နှာချင်းဆိုင်တွေ့ဆုံ၍ ကျင်းပနိုင်ရေးအတွက် ကန့်သတ်ချက်များကြောင့် ယခုလို Video Conferencing စနစ်ဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း၊
ကမ္ဘာတစ်ဝန်း COVID- 19 ကပ်ရောဂါကြောင့် ကဏ္ဍအလိုက် အလုပ်သမားများနှင့် အလုပ် အကိုင်အပေါ် များစွာသက်ရောက်ခဲ့ပြီး နိုင်ငံအလိုက်သာမက ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့် အထိတုန့်ပြန်မှုအစီအစဉ်များချမှတ်ဆောင်ရွက်လျက်ရှိရာမြန်မာနိုင်ငံတွင် COVID- 19 ကပ်ရောဂါ ကြောင့် ကျန်းမာရေးနှင့်စီးပွားရေးကဏ္ဍအထူးသဖြင့် ကုန်သွယ်မှု၊ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ဟိုတယ်နှင့်ခရီးသွားလာမှုကဏ္ဍများတွင် သက်ရောက်မှုများခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ပြည်သူ လူထုကျန်းမာရေးကိုဦးစားပေးဆောင်ရွက်နေပြီး စီးပွားရေးပြန်လည်ထူထောင်ရန်နှင့် စီးပွားရေး အကျိုးသက်ရောက် မှုများအပေါ် လျော့ပါးသက်သာစေရန် COVID-19 စီးပွားရေးကုစားမှု အစီအစဉ် Covid – 19 Economic Relief Plan (CERP) ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊
အလုပ်သမားများအပေါ် COVID- 19 သက်ရောက်မှုများကိုတုန့်ပြန်မည့် သက်ဆိုင်ရာမူဝါဒ များချမှတ်၍ အစီအစဉ်တကျ ဆောင်ရွက်ပေးလျက်ရှိရာ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ အပေါ် သက်ရောက်မှုများ ဖြေလျှော့ပေးသည့်အနေဖြင့် မြန်မာကျပ်ငွေဘီလီယံ ၁၀၀ ကိုကနဦး မတည် ပေးခဲ့ပြီး CMP၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း၊ MSMEs များကိုနှစ်စဉ်အတိုးနှုန်း ၁ ရာခိုင်နှုန်း ဖြင့် ထောက်ပံ့ကာ ၂၀၂၀ ပြည့်နှစ် မကုန်မီထပ်မံတိုးမြှင့်ဆောင်ရွက်ပေးရန် စီမံထားရှိပါကြောင်း၊
လူမှုဖူလုံရေးထည့်ဝင်ကြေးများကို ၃ လခန့် ဆိုင်းငံ့ပေးခဲ့ပြီး ဝန်ကြီးဌာနအနေဖြင့် လူမှုဖူလုံ ရေးအကျုံးဝင်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကျိုးခံစားခွင့်များကို အလုပ်လက်မဲ့ ဖြစ်သည့် နေ့မှစ၍ ၆ လမှ ၁ နှစ်အထိတိုးမြှင့်ပေးခြင်း၊ ဆေးကုသမှုနှင့်ခရီးသွားလာမှု အကျိုးခံစား ခွင့်များကိုအလုပ်လက်မဲ့ဖြစ်သည့်နေ့မှစ၍ ၆ လမှ ၁ နှစ်အထိ တိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် အငယ်ဆုံးအသက် ပြဋ္ဌာန်းချက်အမှတ် ၁၃၈ ကိုလက်ခံကျင့်သုံးရန် ၈-၆-၂၀၂၀ ရက်နေ့တွင် ILO ညွှန်ကြားရေးမှူးချုပ်ထံပေးပို့ မှတ်ပုံတင်ခဲ့ပြီးဖြစ်ပါသဖြင့် ၈-၆-၂၀၂၁ ရက်နေ့တွင် စတင်အာဏာသက်ဝင်မည်ဖြစ်သည်ကို သုံးပွင့်ဆိုင် ကိုယ်စားလှယ်များအား အသိပေးလိုပါကြောင်း၊
အာဆီယံဒေသအဆင့် ပူးပေါင်း ဆောင်ရွက်မှု အနေဖြင့် ၁၄-၅-၂၀၂၀ ရက်နေ့တွင် “အလုပ်သမား၊ အလုပ်အကိုင်နှင့်ပတ်သက်၍ COVID- 19 သက်ရောက်မှုများကို တုန့်ပြန်ခြင်း ဆိုင်ရာ အာဆီယံအလုပ်သမားဝန်ကြီးများအဆင့်အထူးအစည်းအဝေး”ကို Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ အစည်းအဝေးတွင် အာဆီယံအလုပ်သမားဝန်ကြီးများ၏ ပူးတွဲသဘောတူညီ ချက်ကိုအတည်ပြုခဲ့ပြီး COVID- 19 ကြောင့် ကူးစက်ခံရသော အလုပ်သမားအားလုံးကို ခွဲခြားမှု မရှိစေဘဲကျန်းမာရေးစောင့်ရှောက်မှုများနှင့်ဆေးကုသမှုဆိုင်ရာအကူအညီများပေးရန်၊ နိုင်ငံအဆင့် နှင့်ဒေသဆိုင်ရာအဆင့်တွင်တုန့်ပြန်မှုရှိသောအလုပ်သမားဈေးကွက်မူဝါဒ၊ ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် ကျန်းမာရေးစံနှုန်းများ လူမှုရေးအကာအကွယ်စနစ်များ၏ ထိရောက်မှုရှိပြီးဟန်ချက်ညီ သည့် လူမှုရေးတွေ့ဆုံ ဆွေးနွေးမှုမှတဆင့် အားဖြည့်ဆောင်ရွက်ရန်၊ ကပ်ရောဂါအလွန် ပြန်လည် ထူထောင်ရေး အစီအစဉ်များနှင့် လျင်မြန်သော တုန့်ပြန်ဆောင်ရွက်ရေးကို ထောက်ပံ့ကူညီရန် ဗဟုသုတများမျှဝေခြင်း၊ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာအကူအညီပေးရေး၊ အရင်း အမြစ်များရွှေ့ပြောင်းခြင်းကဲ့သို့ အပြန်အလှန် သဘောတူညီထားသည့် နယ်ပယ်များတွင် အာဆီယံ ဆွေးနွေးဖက်များနှင့် အခြားသောပါဝင်ပတ်သက်သူများ၊ သုံးပွင့်ဆိုင်မိတ်ဖက်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်တို့ ပါဝင်ပါကြောင်း၊
ထို့အပြင် COVID-19 ကပ်ရောဂါကြောင့် အလုပ်သမားများနှင့် အလုပ်အကိုင်အပေါ် သက်ရောက်မှုများကို ILO ညွှန်ကြားရေးမှူးချုပ်၊ Mr. Guy Ryder နှင့် ဝန်ကြီးများ Open Session ဆွေးနွေးခဲ့ပြီး ILO ညွှန်ကြားရေးမှူးချုပ်မှ COVID-19 အကြပ်အတည်းကာလကိုကျော်လွှားရန်နှင့် ကပ်ရောဂါသက်ရောက်မှုကိုခံစားနေရသည့် အာဆီယံပြည်သူများကိုကူညီရန်သာမက ကပ်ရောဂါ ကာလအလွန် အာဆီယံမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်းခဲ့ပါကြောင်း၊
ယနေ့ဆွေးနွေးပွဲတွင် COVID- 19 ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေးအစီအစဉ်များ၊ ကောင်းမွန်သောအလေ့အကျင့်များ၊ သင်ခန်းစာများ၊ ဆက်လက်ဆောင်ရွက်ရမည့် ဆောင်ရွက် ချက်များနှင့်ပတ်သက်၍ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များ အကြား သတင်းအချက်အလက်များ မျှဝေ ဖလှယ်ခြင်းဖြင့် ရလဒ်ကောင်းများရရှိမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် Video Conferencing စနစ်ဖြင့် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြမည့် ILO ဆက်သွယ်ရေးအရာရှိ Mr. Donglin Li ၊ အလုပ်သမားကိုယ်စားလှယ်နှင့် အလုပ်ရှင်ကိုယ်စားလှယ် တို့မှအသီးသီးနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့် ကိုယ်စားလှယ် များမှ လက်ရှိတွေ့ကြုံနေရသည့် အလုပ်သမားရေးရာ ကိစ္စရပ်များနှင့် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ဆက်လက်ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။