နေပြည်တော် ၊ဖေဖော်ဝါရီ ၅ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ဂျပန်နိုင်ငံ၊ ချိဘခရိုင်အစိုးရအဖွဲ့မှ Assistant Director General ဖြစ်သူ Mr. EGUCHI Yo ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁ဝး၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဂျပန်နိုင်ငံ၊ ချိဘခရိုင်အတွင်း အလုပ်သင်အလုပ်သမားများခေါ်ယူမည့် အစီအစဉ်များ၊ အလုပ်သင် အလုပ်သမားများ သင်တန်းတက်ရောက်နေစဉ်ကာလများ အတွင်း ငွေကြေးထောက်ပံ့မှုအစီအစဉ်များ၊ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရေး အစီ အစဉ်များ၊ ဂျပန်နိုင်ငံတွင် နှစ်ရှည်အလုပ်လုပ်ခွင့်ရရှိ နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံရှိ ဂျပန် ဘာသာစကားသင်တန်းကျောင်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အစီအမံများ၊ မြန်မာနိုင်ငံ နှင့်ဂျပန်နိုင်ငံတို့အကြား အလုပ်သင် အလုပ်သမားခေါ်ယူရေး နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာရေး ထိုးထားမှုအခြေအနေများ၊ မြန်မာနိုင်ငံမှ ပြည်ပသို့ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံမှ ကျွမ်းကျင်လုပ်သားများ စေလွှတ်ရာတွင် လုပ်ငန်းခွင်အဆင်ပြေစေရေး၊ ဝန်ဆောင်ခ သက်သာမှုရှိစေရေးနှင့် လုပ်သားများစေလွှတ်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဂျပန် ဘာသာစကားသင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးကိစ္စများ၊ ဂျပန်နိုင်ငံ၊ ချိဘခရိုင်နှင့် ဗီယက်နမ် နိုင်ငံတို့ လက်ရှိဆောင်ရွက်နေသည့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်သားများခေါ်ယူမည့် အစီအစဉ်များနှင့်ပတ်သက်၍လည်းကောင်း မြန်မာနိုင်ငံမှ အလုပ်သင် အလုပ်သမားစေလွှတ်ရေး နှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့နှင့် ပတ်သက်၍နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန်ဦးမျိုးအောင် နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။