အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ၊ ၃၀-၁-၂၀၂၀

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း၏ ဥက္ကဌ ဒေါက်တာအောင်သိန်း နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့များအား ယနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေး မှူးချုပ်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံတွင်းရှိ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုးတက် ရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ နိုင်ငံအတွင်းရှိ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်ခလစာ တိုးမြှင့်သတ်မှတ် နိုင်ရေး၊ လုပ်သားအင်အားကိုအခြေပြုသည့် (Cutting Making Packing)CMP လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး၊ စက်ရုံအလုပ်ရုံများတွင်လုပ်ငန်းခွင်အေးချမ်းသာယာရေးနှင့် ပြည်တွင်းပြည်ပရင်းနှီး မြှုပ်နှံမှုပိုမို တိုးတက် စေရေးအတွက် အလုပ်ရှင်/အလုပ်သမားအကြား ကောင်းမွန်သည့်ဆက်ဆံရေး များရှိစေရေး၊လုပ်သားများ၏ လုပ်ငန်းခွင်ကျွမ်းကျင်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး ကုန်ထုတ်စွမ်းအား မြင့်မားလာစေရေးအတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းများ ပူးပေါင်း ဖွင့်လှစ်သင်ကြားနိုင်ရေးကိစ္စရပ်များ၊ အလုပ်သမားရေးရာဥပဒေများ အသစ်ရေးဆွဲခြင်းနှင့်ပြင်ဆင် ဖြည့်စွက်ခြင်းများဆောင်ရွက်ရာတွင် အလုပ်ရှင်များဖက်မှလည်း တက်ကြွစွာ ပူးပေါင်း ပါဝင်ဆောင် ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် တက်ရောက်လာကြသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအသီးသီးအလိုက် လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ ဝန်ကြီးဌာနနှင့်ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်လိုသည့်ကိစ္စရပ်များ၊ အသင်း၏လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။