နေပြည်တော်၊ ဇန်နဝါရီ ၂၈ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Scharaner Burgener ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဇန်နဝါရီလ (၂၈)ရက် ယနေ့ နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး UNDP/UNHCR တို့မှ ကိုယ်စားလှယ်များနှင့် နည်းပညာ ဆိုင်ရာလုပ်ငန်းအဖွဲ့ (TWG) အဖွဲ့များဖွဲ့စည်းကာ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ၊ ရခိုင်ပြည်နယ် အစိုးရအပါအဝင် TWG အစည်းအဝေး (၁၂) ကြိမ် ကျင်းပပြီးစီးမှုနှင့် လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ၊ UNDP/UNHCR တို့မှ ကိုယ်စားလှယ်များအနေဖြင့် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသရှိ ကျေးရွာ (၄၅) ရွာသို့ ကွင်းဆင်းကာ ဒေသခံ ပြည်သူများ၏ လိုအပ်ချက်များအပေါ်မေးမြန်း၍ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေ၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ UNအဖွဲ့အစည်းများက သိရှိလို ပါက မိမိတို့ဌာနအနေဖြင့် တာဝန်ခံဆောင်ရွက် မည့်သူများနှင့် ဆက်သွယ်ဆောင်ရွက်ရမည့် အခြေအနေ၊ မိမိဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အစိုးရနှင့်ပူးပေါင်းကာ နိုင်ငံသားစိစစ်ခံရ မည့်သူ၏ သက်သေခံကတ်ပြား (NV Card) ကိုင်ဆောင်ခြင်း၏ အကျိုးကျေးဇူးများကို ဒေသခံ ပြည်သူများ နားလည်သဘောပေါက်စေရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေမှု၊ NV Card မှ အချို့အချက်အလက်များအား အပြုသဘောဆောင်သည့်အချက်များဖြင့် ပြန်လည် ပြင်ဆင် အစားထိုးဆောင်ရွက်ထားရှိမှု အခြေအနေ၊ NV Card သည် ရခိုင်ပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပေးနေမှုနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ဆက်လက် ဆောင်ရွက်နေမှု၊ NV Card ကိုင်ဆောင်သူများအား ၎င်းတို့၏ နိုင်ငံသားအရည်အချင်းနှင့် ကိုက်ညီသည့် ကိုင်ဆောင်သင့်သည့်ကတ်ပြား တစ်မျိုးမျိုးထုတ်ပေးဆောင်ရွက်ပြီးစီးမှု၊ ယခင်က အမျိုးသားမှတ်ပုံတင်ကတ်ပြား (သုံးခေါက်ချိုး)ကိုင်ဆောင်သူများအနေဖြင့် NV Card ကိုင်ဆောင် ရန်မလိုဘဲ နိုင်ငံသားစိစစ်ရေးလုပ်ငန်းအတွက် တိုက်ရိုက်လျှောက်ထားကာ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်မည့်အခြေအနေ၊ မည်သည့်ကတ်ပြားမျှ ကိုင်ဆောင်ထားခြင်း မရှိသူများအတွက် ဥပဒေအရ NV Card ကိုင်ဆောင်၍ နိုင်ငံသားစစ်ဆေးခံရန် ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်နှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုးထုတ်ပေးနိုင်ရေး အတွက် မြန်မြန်ဆန်ဆန်ဆောင်ရွက်ပေးနိုင်မည့်အစီအစဉ်များ၊ မိမိဌာနဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်းကာ Mobile Team အဖွဲ့များဖွဲ့စည်း၍ စစ်တွေမြို့ရှိ IDP စခန်း များ၌ ဖွား/သေစာရင်း၊ ကျောင်းသူ/ကျောင်းသားများစာရင်း၊ အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးမှုနှင့် NV Card ထုတ်ပေးနေမှုအခြေအနေများ၊ မိမိတို့အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ NGO ၊ INGO ၊ CSO များက ဒေသခံပြည်သူများသိရှိနားလည် သဘောပေါက်စေရေးအတွက် ပြန်လည်မျှဝေရှင်းလင်း ဆောင်ရွက်ပေးနိုင်မှုအခြေအနေများ၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အနေဖြင့် ယင်းလုပ်ငန်းစဉ် အောင်မြင်ရေး အတွက် ကောင်းမွန်သောအကြံဉာဏ်များဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် အစီအစဉ်၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ ၏ ဆောင်ရွက်ချက်များအပေါ် သိရှိနားလည် အသိအမှတ်ပြုမှုနှင့် ဆက်လက်ကူညီဆောင်ရွက်ပေး မည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။