နေပြည်တော်၊ ဇန်နဝါရီ ၈ ။
မြန်မာနိုင်ငံ၏ e-ID စနစ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် e-ID စနစ် လုပ်ငန်းသဘောတူစာချုပ် (မူကြမ်း) အား ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာ မူဝါဒပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ (၈) ရက်၊ ယနေ့ မွန်းလွဲ (၁)နာရီ တွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ e-ID စနစ်လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ e-ID စနစ် လုပ်ငန်းကော်မတီဝင်များ၊ လုပ်ငန်းဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။
အစီအစဉ်အရ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ဩစတြီးယားနိုင်ငံ အစိုးရအချင်းချင်း ပူးပေါင်း ဆောင်ရွက်မည့် မြန်မာနိုင်ငံ၏ e-ID စနစ်လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနနှင့် ဩစတြီးယားနိုင်ငံ OeSD တို့အကြား လုပ်ငန်းဆိုင်ရာသဘောတူစာချုပ် ချုပ်ဆို နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းဆိုင်ရာ သဘောတူစာချုပ်သည် လုပ်ငန်းတစ်ခုလုံး၏ အစဦးဆုံးဖြစ်ပြီး ယင်းသဘောတူစာချုပ် ချုပ်ဆိုပြီးပါက ဆက်လက်ဆောင်ရွက်ရမည့် အရေးကြီး သည့်လုပ်ငန်းစဉ် အများအပြားရှိပါကြောင်း၊ e-ID စနစ်လုပ်ငန်းသည် e-Government စနစ်၏ အခြေခံအကျဆုံးသော လုပ်ငန်းစဉ်တစ်ခုဖြစ်သဖြင့် ကြီးမားကျယ်ပြန့်ပြီး အလွန်အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် ယင်းလုပ်ငန်းနှင့်ပတ်သက်၍ အတွေ့အကြုံမရှိ သော်လည်း တက်ကျွမ်း နားလည်သည့် ပညာရှင်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၏ သုံးသပ်ချက်၊ ဆွေးနွေးအကြံပြုချက်များအား အလေးထားမှတ်သား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းများကို ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်နေသော်လည်း ဖွဲ့စည်းထားသည့် e-ID ဆိုင်ရာကော်မတီဝင်များ ၊ ဆပ်ကော်မတီဝင်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းဆွေးနွေးအကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဩစတြီးယားနိုင်ငံ OeSD ၏ စီမံကိန်းအဆိုပြုလွှာအရ e-ID စနစ် စီမံကိန်းကို (၂) နှစ်တာကာလအတွင်း အဆင့် (၃) ဆင့်ဖြင့် အကောင်အထည်ဖော်သွားရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ ယခုတင်ပြထားသည့် လုပ်ငန်းသဘောတူစာချုပ်(မူကြမ်း) ကိုလည်း ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှစတင်ကာ လုပ်ငန်းဆိုင်ရာပတ်သက်ဆက်နွှယ်သည့် ဝန်ကြီးဌာနများ၊ e-Government ဦးဆောင်ကော်မတီမှ လုပ်ငန်းနှင့်သက်ဆိုင်သည့် ဆပ်ကော်မတီများ၏ သဘောထား မှတ်ချက်များရယူ၍ e-ID စနစ်လုပ်ငန်းကော်မတီဝင်များနှင့် ဆပ်ကော်မတီများဖြင့် အကြိမ်ကြိမ် ညှိနှိုင်းဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းသဘောတူစာချုပ် (မူကြမ်း) အား လိုအပ်သည်များ ညှိနှိုင်းပြင်ဆင်ပြီးနောက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်၍ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒ (Development Assistance Policy – DAP ) ပြဋ္ဌာန်းချက်များအရ စီးပွားရေးရာကော်မတီသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တက်ရောက် လာကြသူများအနေဖြင့် လုပ်ငန်းသဘောတူစာချုပ် (မူကြမ်း)အား လိုအပ်ချက်များရှိပါက အကြံပြု ဆွေးနွေးညှိနှိုင်း ပြင်ဆင်ပေးကြစေလိုပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများသည် ဝန်ကြီးဌာနနှင့် OeSD ကုမ္ပဏီတို့အကြား ချုပ်ဆိုမည့် လုပ်ငန်းသဘောတူစာချုပ် (မူကြမ်း) အပေါ် တွေ့ရှိချက်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို အသီးသီးသုံးသပ်အကြံပြုဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး ယခုအကြံပြုညှိနှိုင်း ဆွေးနွေးမှုများကို အပြီးသတ်ပြင်ဆင် ပြီးပါက အထက်အဆင့်ဆင့်သို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် e-ID စနစ် လုပ်ငန်းအောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နိုင်ရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။(-)