နေပြည်တော်၊ ဇန်နဝါရီ ၀၆။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ ဇန်နဝါရီလ ၆ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်း ဒေသကြီး၊ မိုးကုတ်မြို့ရှိ ရွှေလိပ်ပြာဟိုတယ် အစည်းအဝေးခန်းမ၌ မိုးကုတ်မြို့ရှိ လီဆူးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ နီပေါလ်(ဂေါ်ရခါး)၊ ခိုလုံလီရှော၊ ကိုးကန့်နှင့် မုန်းဝန်းယဉ်ကျေးမှုအဖွဲ့ဝင်များ အား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍တွေ့ဆုံဆွေးနွေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် လီဆူးစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များအား တွေ့ဆုံအမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်အစိုးရ စတင်တာဝန်ယူချိန်မှစ၍ ပြည်သူများအားလုံး အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် သစ္စာစီမံချက်များရေးဆွဲကာ ဖြေလျှော့မှုများဖြင့် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွန်ကြားချက်များကို အခြေခံ၍ သတ်မှတ်အထောက်အထား စာရွက်စာတမ်းများအရ ဆောင်ရွက်ရပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းဆိုင်ရာအရ ကြန့်ကြာမှုများလည်းရှိပါကြောင်း၊ အထောက်အထားမပြည့်စုံမှုများကြောင့် ကြန့်ကြာမှုများအပေါ် ပြည်သူများ အထင်အမြင်လွဲမှားမှုများလည်း ရှိပါကြောင်း ၊ ယခု မိုးကုတ်မြို့ရှိ လီဆူးတိုင်းရင်းသားများနှင့် ပတ်သတ်၍ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် ကာလတစ်ခုသတ်မှတ်ကာ စီမံချက်ရေးစွဲ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် သက်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ် လီဆူးတိုင်းသားရေးရာ ဝန်ကြီး ဦးဂူဆာ ၊ မိုးကုတ်မြို့ရှိ လီဆူးစာပေ နှင့်ယဉ်ကျေးမှုအဖွဲ့ နာယက ဦးယောဆက် နှင့် တာဝန်ရှိသူများက မိုးကုတ်မြို့နယ်အတွင်းရှိ လီဆူးတိုင်း ရင်းသားများ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက်
လုပ်ငန်းလိုအပ်ချက်များအပေါ် ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေးနှင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ်များကို အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ခန်းမ၌ပင် နီပေါလ်(ဂေါ်ရခါး)ယဉ်ကျေးမှုအဖွဲ့၊ ခိုလုံလီရှော ယဉ်ကျေးမှုအဖွဲ့ ၊ ကိုးကန့် ယဉ်ကျေးမှုအဖွဲ့ နှင့် မုန်းဝန်း ယဉ်ကျေးမှုအဖွဲ့ များမှ ဥက္ကဋ္ဌများ နှင့် အဖွဲ့ဝင်များအား ဆက်လက်တွေ့ဆုံ၍ မိုးကုတ်မြို့နယ် အတွင်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးမှု အခြေအနေများ ၊ လုပ်ငန်းစဉ်များအရ လွယ်ကူလျင်မြန်စေရေးအတွက် ဖြေလျော့ဆောင်ရွက်ပေးမှု အခြေအနေများ ၊ ဥပဒေ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များ အပေါ် အခြေခံဆောင်ရွက်ရသည့် အတွက် လိုအပ်သော အထောက်အထား စာရွက်စာတမ်းများ ပြည့်စုံနိုင်ရေးအတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး အခြေအနေများ ၊ သက်ဆိုင်ရာ အဖွဲ့ဝင်များက ပံ့ပိုးကူညီဆောင်ရွက် ပေးနိုင်ရေး အခြေနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း အမှာစကားပြောကြားသည်။
ထို့နောက် မိုးကုတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစောသောင်းတင် နှင့် သက်ဆိုင်ရာ ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌများက အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး အတွက် လုပ်ငန်းလိုအပ်ချက်များ ၊ ဖြည့်ဆည်းဆောင်ရွက် ပေးစေလိုသည့် အခြေအနေများ ၊ လုပ်ငန်းစဉ်များအပေါ် ပူးပေါင်းကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ်များကို အဖွဲ့အလိုက် အသီးသီး ရှင်းလင်း ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး လုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ပေးနိုင်ရေး နိဂုံးချုပ်အမှာစကား ပြောကြားကာ တက်ရောက်လာကြသည့် ယဉ်ကျေးမှု အဖွဲ့ဝင်များနှင့် အတူ မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီလ (၅) ရက် မွန်းလွဲပိုင်းကလည်း သပိတ်ကျင်း မြို့နယ် ဖောတော ကျေးရွာရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ စစ်ဆေးရေးအဖွဲ့ရုံးသို့ ရောက်ရှိပြီး တာဝန်ကျဝန်ထမ်းများအား တွေ့ဆုံ၍ လူဝင်မှုစစ်ဆေးရေး လုပ်ငန်းများအား ဥပဒေနှင့်အညီ စနစ်တကျ ဆောင်ရွက်ရေး ၊ ကန့်သတ်နယ်မြေများသို့ ခွင့်ပြုချက်မရှိသည့် နိုင်ငံခြားသားများ ဝင်ထွက်သွားလာမှု မရှိစေရေးအတွက် ဂရုပြု ဆောင်ရွက်ကြရေး ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဆက်စပ်အဖွဲ့အစည်းများ နှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးနှင့် လုံခြုံရေးကို အထူးအလေးထား ဆောင်ရွက်ကြရေး မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။(-)