နေပြည်တော်၊ ဒီဇင်ဘာ ၉ ။
၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း နည်းပြသင်တန်းအမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာလ(၉)ရက်၊ယနေ့နံနက်(၁၁)နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနား သို့ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူရေး ဗဟိုကော်မတီဥက္ကဋ္ဌ အလုပ်သမား၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အမြဲတမ်း အတွင်းဝန် ဦးအေးလွင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ ၊ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) မှကိုယ်စားလှယ်များ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ကြားဖြတ်သန်းခေါင်စာရင်းဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက အမှာစကားပြောကြားရာတွင် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခရိုင်အဆင့်ကိုယ်စားပြုနမူနာကောက်ကွက်ပေါင်း (၄၀၀၀) ကျော်ကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် (၄) သုတ်ခွဲကာ ကောက်ယူသွားမည်ဖြစ်ပါကြောင်း၊ ယင်းသို့ကောက်ယူနိုင်ရေးအတွက် ယခုကဲ့သို့ နည်းပြသင်တန်းကိုလည်း (၄) သုတ်ခွဲကာ ဖွင့်လှစ်ရခြင်းဖြစ်ပြီး ယခုနည်းပြသင်တန်းသည် နောက်ဆုံးဖွင့်လှစ်သည့်သင်တန်းဖြစ်ပါကြောင်း၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ယခင်ကကဲ့သို့ မေးခွန်းစာရွက်များဖြင့် မေးမြန်းကောက် ယူခြင်းမျိုးမဟုတ်ဘဲ Mobile Tablet ဖြင့် ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းမေးမြန်း စာရင်းကောက်ယူသည့်စနစ် (Computer-assisted Personal Interviewing-CAPI) ကို အသုံး ပြုကောက်ယူသွားမည်ဖြစ်ပါကြောင်း၊ ယင်းစနစ်ကို အသုံးပြုခြင်းသည် ပထမဆုံးအသုံးပြု ဆောင်ရွက်ခြင်းဖြစ်ပြီး မေးမြန်းသည့်မေးခွန်းများသည်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည့်စာရင်းဇယားကိန်းဂဏန်း အချက်အလက်များကို အသုံးပြုမည့် ဌာနဆိုင်ရာ များအတွက် မေးမြန်းကောက်ယူပေးခြင်းဖြစ်ပါကြောင်း၊ ကောက်ယူရရှိသည့် အချက်အလက် များသည် နိုင်ငံတော်အတွက် အရေးပါသည့်အချက်အလက်များဖြစ်သည်ကို သင်တန်းသားများ အနေနဲ့ သိရှိနားလည်ထားကြရန်နှင့် မိမိတို့ဆောင်ရွက်သည့်လုပ်ငန်းသည် နိုင်ငံတော်အတွက် အကျိုးပြုလုပ်ငန်းတစ်ခု ဆောင်ရွက်နေကြောင်းကို အလေးအနက်ခံယူဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ ယခုနည်းပြသင်တန်းသားများသည် သင်တန်းဆင်းပြီးသည်နှင့် ခရိုင်အဆင့် စာရင်းစစ်/ စာရင်းကောက်သင်တန်းများမှာ နည်းပြများအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ရမှာဖြစ်သည့် အတွက် သင်တန်းမှပို့ချသည့် စာရင်းစစ်/စာရင်းကောက်လုပ်ငန်းများကို ကျွမ်းကျင်စွာ နားလည် တက်မြောက်ရန်နှင့် မေးခွန်းပုံစံများ ဖြည့်သွင်းရာမှာ ကျွမ်းကျင်မှုရှိစေရန် အရေးကြီးပါကြောင်း၊ သို့မှသာ မိမိပြန်လည်ပို့ချမည့် သင်တန်းသားများအား ကျွမ်းကျင်ပိုင်နိုင်စွာနှင့် ရှင်းလင်းပို့ချနိုင် ပြီး စာရင်းကောက်ယူရေးလုပ်ငန်းများကို ချောမောအောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်း၊ ပထမသုတ်အဖြစ် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ (နေပြည် တော်) တို့တွင် ယခုအခါကြားဖြတ်သန်းခေါင်စာရင်းကောက်ယူပြီးစီးပြီဖြစ်ပြီး ဒုတိယသုတ် အဖြစ် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် ခရိုင်အဆင့်စာရင်းကောက်သင်တန်းများဖွင့်လှစ်ပြီးဖြစ်ပြီး ဒီဇင်ဘာ (၁၁) ရက်မှစ၍ ကောက်ယူသွားမည်ဖြစ်ပါကြောင်း၊ တတိယသုတ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ခရိုင်အဆင့်သင်တန်းများ ဆက်လက်ဖွင့်လှစ် လျက်ရှိပြီး စာရင်းကောက်ခြင်းကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၂) ရက်နေ့တွင် ကောက်ယူသွား မည်ဖြစ်ပါကြောင်း၊ ယခု စတုတ္ထသုတ်နည်းပြသင်တန်းအား ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့မှ နည်းပြသင်တန်းသားများဖြင့် (၂) ပတ် ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး ခရိုင်အဆင့်သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပြီးနောက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၁၆) ရက် တွင် စာရင်းကောက်ယူသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် တွင် အောင်မြင်စွာကောက်ယူနိုင်ခဲ့ပြီးဖြစ်တာကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ကောက်ယူရရှိ တဲ့ သန်းခေါင်စာရင်းအချက်အလက်တွေကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေမှာ အသုံးပြုဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော်လည်း နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေ သည့် ယနေ့ခေတ်ကာလတွင် မြန်မာနိုင်ငံ၏ လက်ရှိနှင့်အနာဂတ်လူဦးရေ၊ လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီအနီးစပ်ဆုံး မှန်ကန်စွာခန့်မှန်းနိုင်ရန် လိုအပ်ပါကြောင်း၊ ကောက်ယူရရှိသည့် ကိန်းဂဏန်းအချက်အလက်များ၏ အရည်အသွေးပြည့်ဝ ရန်နှင့် နိုင်ငံအဆင့်ကိုယ်စားပြု စာရင်းအင်းအချက်အလက်များဖြစ်ရန်မှာ စာရင်းစစ်/ စာရင်းကောက်များ၏ ဆောင်ရွက်ချက်များအပေါ်မူတည်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ် အောင်မြင် ရေးအတွက် ကော်မတီအဆင့်ဆင့်ကိုလည်း ဖွဲ့စည်းတာဝန်ပေးဆောင်ရွက်လျက်ရှိသည့်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး ၊ ပြည်နယ် ၊ ခရိုင်၊ မြို့နယ်ကော်မတီများမှ ပံ့ပိုးကူညီပူးပေါင်း ဆောင်ရွက်ကြရန်အရေးကြီးပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျပြီး အရေးကြီးသည့်လုပ်ငန်းတစ်ခုတွင်ပါဝင် ဆောင်ရွက်ရသည့်အတွက် ဂုဏ်ယူရမည်ဖြစ်ပါ ကြောင်းနှင့် လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် စနစ်တကျလေ့လာမှတ်သားကာ နိုင်ငံတော် အတွက်တိကျမှန်ကန်သည့် စာရင်းအင်းအချက်အလက်များရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက် ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) မှ ဒုတိယဌာနေကိုယ်စားလှယ် Ms. Nalida က ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်တွင် ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာကြသူများ၊ သင်တန်းသား/ သင်တန်းသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယခုစတုတ္ထသုတ် ဖွင့်လှစ်သည့် နည်းပြသင်တန်းအမှတ်စဉ် (၄) တွင် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ နည်းပြဆောင်ရွက် မည့် သက်ဆိုင်ရာခရိုင်ဦးစီးမှူးရုံးများမှ အရာထမ်း (၃၁) ဦးနှင့် ဒေသခံလူငယ် (၆၂) ဦး၊ ပြည်သူ့အင်အားဦးစီးဌာန (ရုံးချုပ်) မှ (၃၇) ဦး စုစုပေါင်း သင်တန်းသား/ သင်တန်းသူ (၁၃၀) ဦးတက်ရောက်၍ သင်တန်းကာလ ရက်သတ္တပတ် (၂) ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။