နေပြည်တော်၊ ဇူလိုင်  ၁၇

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်    Mrs. Christine Scharaner Burgener ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဇူလိုင်လ (၁၇)ရက် ယနေ့ နံနက် (၁၀) နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖွဲ့အနေဖြင့် ယခုခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ သွား ရောက်ခဲ့မှုနှင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်၍ မြင်တွေ့သိရှိခဲ့မှု အခြေအနေများ၊ မိမိတို့ဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေးမှုနှင့်  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် NV Card ထုတ်ပေးပြီးစီးမှုအခြေအနေ၊ မောင်တောမြို့နယ်၌ ဝန်ထမ်းများစုဖွဲ့အခြေပြု၍ NV Card ထုတ်ပေးနေမှုအခြေအနေ၊ NV Card ထုတ်ပေးပြီးသူများအား နိုင်ငံသားစိစစ်ခံရန် လျှောက်ထား နိုင်ပြီး သတ်မှတ်ကာလအတွင်း ၎င်းကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်မှု၊ NV Card သည် မြန်မာနိုင်ငံအတွင်းနေထိုင်ကြောင်းနှင့် NV Card ကိုင်ဆောင်၍ သတ်မှတ်ဒေသတွင်း လွတ်လပ်စွာသွားလာနိုင်မှုနှင့် ရရှိခံစားရမည့် အကျိုးကျေးဇူး များ၊ ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်အဖွဲ့အစည်းများ အဆင်ပြေစွာဆက်ဆံနေထိုင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများ၊  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် မိမိတို့ဝန်ကြီးဌာနနှင့် UNDP / UNHCR တို့ကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးဆောင်ရွက်နေမှု၊ နေရပ်စွန့်ခွာသွားသူများအနေဖြင့် မိမိတို့၏ ဆောင်ရွက်ချက်များကို မှန်ကန်စွာ သိရှိခြင်းမရှိဘဲ စိုးရိမ်ကြောင့်ကြမှုများရှိနေမှု၊ မှန်ကန် သောသတင်းအချက်အလက်များရရှိရေးနှင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ အသင့်ပြင်ဆင် ထားရှိမှုအခြေအနေများကို သိရှိနိုင်ရေးအတွက် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်နေမှု၊ ပြန်လည်လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အစည်းအဝေးများ ကျင်းပကာ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နေမှု၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် တွေ့ကြုံရသည့်အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အနေဖြင့် ယင်း လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးမည့်အစီအစဉ်၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များ အပေါ် သိရှိနားလည်အသိအမှတ်ပြုမှုနှင့် ဆက်လက်ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။