အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ ဒီဇင်ဘာလ ၁၉ ။
နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ (၂/၂၀၁၇) ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ(၁၉)ရက် ယနေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော် ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ကော်မတီအဆင့်ဆင့်ဖွဲ့စည်းဆောင် ရွက်မှု၊ နည်းဥပဒေထုတ်ပြန်ပြဌာန်းမှုနှင့် ခေတ်နှင့်အညီ လိုက်လျောညီထွေဖြစ်စေမည့် နည်းဥပဒေ ပြင်ဆင်ရေးဆွဲ ထုတ်ပြန်ပြဌာန်းမှု၊ ပြင်ဆင်သည့်နည်းဥပဒေအရ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် ကနဦးလျှောက်ထားခြင်းကို မြန်မာနိုင်ငံတွင်သာမက ပြည်ပနိုင်ငံအသီးသီးရှိ မြန်မာသံရုံးများ၌ လည်းလျှောက်ထားနိုင်မှုနှင့် လက်ရှိစင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးမှလျှောက်ထားလာမှု၊ စတင် ဆောင်ရွက်ချိန်မှ ယခုအထိ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားမှု၊ စိစစ်ခွင့်ပြုမှု၊ ငြင်းပယ်မှု နှင့်ခွင့်ပြုပြီးသူများအား အမြဲနေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများထုတ်ပေးပြီးစီးမှု၊ ယခု အစည်းအဝေးတွင် လုပ်ငန်းကော်မတီမှ စိစစ်တင်ပြလာသူများအား ဗဟိုကော်မတီအဖွဲ့ဝင်များက ထပ်မံစိစစ်အတည်ပြုဆောင်ရွက်ပေးနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းအမှာစကားပြောကြားသည်။
ယင်းနောက် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟို ကော်မတီ အတွင်းရေးမှူးကိုယ်စား လုပ်ငန်းတာဝန်ခံအရာရှိက အကောင်အထည်ဖော်ရေး ဗဟို ကော်မတီ ဖွဲ့စည်းခြင်းနှင့်တာဝန်များ၊ အမှတ်ပေးစနစ်နှင့် လျှောက်ထားမှုအခြေအနေတို့အား ရှင်းလင်းတင်ပြပြီး ဗဟိုကော်မတီဝင်များက နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုနိုင်ရေးအတွက် တစ်ဦးချင်းသုံးသပ်ချက်များ ကို အသီးသီးဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် ခွင့်ပြုထားသူ မြန်မာနိုင်ငံသားဟောင်းများ အနက် မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့်ပြုရန် လျှောက်ထားသူ(၄)ဦး၏ အမြဲနေထိုင်ခွင့် လက်မှတ်နှင့် ကတ်ပြားများ ပြန်လည်သိမ်းဆည်းနိုင်ရေးအတွက် အတည်ပြုချက်ရယူခြင်း၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် နှစ်စဉ်သက်တမ်းအတည်ပြုဆောင်ရွက်ပြီးစီးမှုနှင့် ကိုယ်ရေးဖြစ်စဉ် ပြောင်းလဲလျှောက်ထားမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းခြင်းတို့ ဆောင်ရွက်ကြ ပြီးနောက် ဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်ကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ(၂၉)ရက်မှ စတင်၍ ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ မြန်မာနိုင်ငံသားဟောင်းနှင့် ယင်းတို့နှင့် သွေးချင်း ဆက်စပ်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစား(၄)မျိုးခွဲခြားသတ်မှတ်ကာ လျှောက်လွှာများ လက်ခံ ဆောင်ရွက်ခဲ့သည်။ စတင်ဆောင်ရွက်ချိန်မှ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ လျှောက်ထားသူ စုစုပေါင်း(၄၂၉)ဦးရှိပြီး ဗဟိုကော်မတီအစည်းအဝေး(၅)ကြိမ်ကျင်းပ၍ (၃၅၂)ဦးအား လူတွေ့စစ် ဆေးအကဲဖြတ်ပြီး စိစစ်အတည်ပြုကာ (၃၃၈)ဦးအား အမြဲနေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးပြီးဖြစ်ကြောင်းနှင့် ကျန်(၁၄)ဦးမှာ လက်မှတ်နှင့်ကတ်ပြား လာရောက်ထုတ်ယူခြင်း မရှိ သေးကြောင်းသိရသည်။ လျှောက်ထားသူများအနက် နည်းဥပဒေနှင့် ကိုက်ညီမှုမရှိသူ (၈)ဦးအား ငြင်းပယ်ခဲ့ပြီး ယခုအချိန်အထိ ဗဟိုကော်မတီသို့ လာရောက်၍လူတွေ့စစ်ဆေးအကဲဖြတ်ရန် (၁၂)ဦးကျန်ရှိသည်။ ယခုအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူ(၂)ဦး၊ မြန်မာနိုင်ငံသားဟောင်း(၃၅) ဦး၊ ဆက်စပ်နိုင်ငံခြားသား(၉)ဦးနှင့် လျှောက်ထားသူများ၏ မိသားစုဝင်(၁၁)ဦး၊ စုစုပေါင်း (၅၇)ဦး စိစစ်အတည်ပြုနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။(-)