အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ဇန်နဝါရီ ၉

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ အဖွဲ့(ILO)မှ Project Manager Ms. Marielle Phe Goursat အားယနေ့ နံနက် ၁၀၀၀ နာရီ အချိန်တွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင်လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ လူမှုဖူလုံရေးအဖွဲ့မှ ဆောင်ရွက်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် (၄) ခု အနက် ကျန်းမာရေးစောင့်ရှောက် မှုပေးခြင်း Medical Reform နှင့်ပတ်သက်ပြီး လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အာမခံအလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုဆောင်ရွက်ပေးရန် ILO နှင့်ပူးပေါင်းဆောင်ရွက်နေမှုများ အခြားနိုင်ငံများ နည်းတူပြုပြင်ပြောင်းလဲမှုအစီအစဉ်များ၊ ၎င်းတို့တွေ့ကြုံနေရသည့် အခက်အခဲများကို သင်ခန်းစာ ယူပြီးမိမိတို့နိုင်ငံနှင့် လိုက်လျောညီထွေဖြစ်မည့် အစီအမံများအကြံပြုချက်များကိုလည်း ရယူလို ပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့၏ ပြုပြင်ပြောင်းလဲမှုသည် ဝန်ကြီးဌာနအတွက်သာမကပဲ နိုင်ငံတော် အတွက်ပါ အရေးကြီးပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့၏ ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ကိုလည်း လွှတ်တော်အဖွဲ့အစည်းများနှင့် ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း ၊လူမှုဖူလုံရေး အဖွဲ့အနေဖြင့် ၂၀၁၂ လူမှုဖူလုံရေးဥပဒေအရ အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို ပိုမိုထိရောက်ပြည့်စုံစေရန် နိုင်ငံတကာအတွေ့အကြုံများနှင့်နှိုင်းယှဉ်၍ မိမိတို့ နိုင်ငံတွင် လိုအပ်နေသည့်အခြေအနေများနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ လက်ရှိကျင့်သုံးနေသည့် ဆေးပေးခန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများသည် Pilot Project များသာဖြစ်ပြီး အခြားသောနိုင်ငံများ၏ အတွေ့အကြုံများကိုလည်း ဖြန့်ဝေပေးစေလိုပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသားတိုင်းအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကို ငွေကြေး အခက်အခဲမရှိဘဲ လက်လှမ်းမီနိုင်ရေး (UHC) ကို ၂၀၃၀ပြည့်နှစ်တွင်ရာနှုန်းပြည့်ရရှိနိုင်ရေး အတွက် နှစ်တို၊နှစ်လတ်၊နှစ်ရှည်လုပ်ငန်းမူဘောင်များပါဝင်သည့် အမျိုးသားအဆင့် ကျန်းမာရေး လုပ်ငန်းစီမံချက်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှစ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဦးဆောင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် ILO မှ Project Manager Ms. Marielle မှ Power Point အသုံးပြု၍ Medical Reform နှင့်ပတ်သက်ပြီး လူမှုဖူလုံရေးအဖွဲ့နှင့်လက်ရှိဆောင်ရွက်နေမှုများ၊ ရှေ့ဆက် လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ ဒေသတွင်းအိမ်နီးချင်းနိုင်ငံ များဖြစ်သည့် ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ တရုတ်နိုင်ငံ စသည့် နိုင်ငံများ၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုအခြေအနေများနှင့်ဖြစ်ပေါ်တိုးတက်မှုများ၊အားသာချက် အားနည်းချက်များနှင့်ပတ်သက်၍ လည်းကောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ရေးဆွဲနေသော (UHC) နှင့်ပတ်သက်၍ နည်းလမ်း(၃) ခု၏ဆောင်ရွက်ပုံအဆင့်ဆင့်အား အသေးစိတ်ရှင်း လင်းတင်ပြခဲ့ပြီး လူမှုဖူလုံရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးမှ ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ကြောင်းသတင်းရရှိပါသည်။