အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ ဒီဇင်ဘာ ၁၃ ။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး Mr. Hong Liang ဦးဆောင်သောအဖွဲ့အား ဒီဇင်ဘာလ(၁၃)ရက်နေ့ ယနေ့နံနက် (၁၁)နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ ပြည်သူများ နယ်စပ်လူဝင်မှု စစ်ဆေးရေးဂိတ်များမှ တစ်ဆင့် ခွင့်ပြုထားသည့်ဒေသများသို့ အဆင်ပြေချောမွေ့စွာ ဝင်/ထွက်သွားလာနိုင်ရေး၊ နှစ်နိုင်ငံ စီးပွားရေးစင်္ကြံလမ်း ဖွင့်လှစ် ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ဖြတ်သန်းသွားလာခြင်းဆိုင်ရာ လုပ်ငန်းလိုအပ်ချက်များအား ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ လုပ်ငန်းများအား အပြန်အလှန် သတင်းဖလှယ် ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံ၏ e-Government စနစ် အထောက်အကူပြု ဆောင်ရွက်မည့် e-ID လုပ်ငန်းစနစ် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် နည်းပညာနှင့် စက်ကိရိယာပစ္စည်းလိုအပ်ချက်များအား ပံ့ပိုးကူညီ ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။(−)