အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ၊ နိုဝင်ဘာ ၁ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ရန်ကုန်မြို့ရှိ IOM Mission in Myanmar မှ Chief of Mission Mr. Akio Nakayama ဦးဆောင်သောအဖွဲ့နှင့် ယနေ့နေ့လည် ၁၃:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration – IOM) အဖွဲ့နှင့် လက်ရှိပူးပေါင်းဆောင်ရွက်နေသော လုပ်ငန်းစဉ်များနှင့် အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းနယ်ပယ်များနှင့် ပတ်သက်၍ ဆောင်ရွက်မည့် အခြေအနေများ၊ ရွှေ့ပြောင်း အလုပ်သမားများနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်နေမှုများ၊ ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ရေးဗဟိုဌာန (Migrant Resource Centre – MRC) ရုံးများ၏ လက်ရှိဆောင်ရွက် နေသည့် လုပ်ငန်းစဉ်များ၏တိုးတက်မှုအောင်မြင်မှုများနှင့် အဓိကစိန်ခေါ်မှု အခက်အခဲများနှင့် ပတ်သက်၍ဖြေရှင်းဆောင်ရွက်ပေးနေမှုအခြေအနေများ၊ MRC ရုံးများတွင်လာရောက်စုံစမ်းမှုများ နှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိသည့် အခြေအနေများ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့အခမ်းအနား ကျင်းပနိုင်ရေးကိစ္စရပ်များ၊ MRC ရုံးများ၏ ထိရောက်မှုရှိသော လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်းသည့် စွမ်းရည်မြှင့်တင်မှု ဆိုင်ရာသင်တန်း ဖွင့်လှစ်ပြီးစီးခဲ့မှုအခြေအနေများ၊ မြဝတီမြို့တွင် MRC ရုံးအသစ် ထပ်မံဖွင့်လှစ်မည့် အခြေအနေများ နှင့်ပတ်သက်၍ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။