အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန် ဖေဖော်ဝါရီ ၂၂

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းရင်းသား ဝန်ကြီး ဦးစောဂျက်ကော့ထူး နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၂-၂-၂ဝ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် လမ်းမတော်မြို့နယ်ရှိ UMFCCI အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် များ၊ ညီနောင်အသင်းအဖွဲ့များမှ လုပ်ငန်းရှင်များနှင့်လည်းကောင်း နေ့လယ်ပိုင်းတွင် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်ကော်မတီများမှ တာဝန်ခံများနှင့်လည်းကောင်း အလုပ်သမားရေးရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းခွင်အေးချမ်းသာယာရေး အတွက် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပမီဒီယာများတွင် မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းအပါအဝင် စက်ရုံ၊ အလုပ်ရုံများနှင့် ဆက်စပ်သော အလုပ်သမားရေးရာသတင်းများကို ယခုကာလအတွင်း ဖော်ပြနေခြင်းနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် သတင်းစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းထားရှိပြီး သတင်းများတွင် အလုပ်သမားရေးရာသတင်းများကို တွေ့ရှိပါက ဝန်ကြီးဌာနရှိ ဦးစီးဌာန ၊ အဖွဲ့များပါဝင်သော ပေါင်းစပ် အဖွဲ့များနှင့် သတင်းပါစက်ရုံ၊ အလုပ်ရုံများသို့ ချက်ချင်းသွားရောက် ဖြေရှင်းဆောင်ရွက်ပေးနေမှုအခြေအနေများ၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေးတို့အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများနှင့် သုံးပွင့်ဆိုင်ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းခွင်များတွင် လုပ်ကိုင်ဆောင်ရွက်နေကြသည့် အလုပ်ရှင်၊ အလုပ်သမားများ၏ တွေ့ကြုံခံစား နေရသည့်အခက်အခဲများ၊ အားနည်းချက်များကို သိရှိလိုပါကြောင်း၊ ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးစေ လိုသည့်ကိစ္စရပ်များကို တက်ရောက်လာကြသည့် ကိုယ်စားလှယ်များအနေဖြင့် ဆွေးနွေးတင်ပြ ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

UMFCCI အသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ အလုပ်အမှုဆောင်နှင့် တာဝန်ရှိသူများ၊ စက်မှုဇုန်ကော်မတီအလိုက် တာဝန်ခံများက လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက် အခဲများနှင့် ဆောင်ရွက်ပေးစေလိုသည့် အချက်များကို တင်ပြခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။