အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန် ဧပြီ ၆

CVT Myanmar အလုပ်သင် သင်တန်းသားများအား အသိအမှတ်ပြုလက်မှတ် ပေးအပ် ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉:၀၀) နာရီတွင် ရန်ကုန်မြို့၊ Strand Hotel ၌ ကျင်းပခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အလုပ်သမားနှင့်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ CVT Board of Member ဆွစ်ဇာလန်မှBoard of Director Mr.Konrad. Ellsaesserနှင့်အဖွဲ့ဝင်များ၊ ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ NGO နှင့် INGOs များမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၊ သင်တန်းတာဝန်ခံများ၊ သင်တန်းဆင်းလူငယ်မောင်မယ်များ အပါအဝင်စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက အလုပ်သမားညွှန်ကြားရေးဉီးစီးဌာနနှင့် CVT Myanmar တို့ပူးပေါင်း ၍ မြန်မာလူငယ်များ အသက်မွေးမှုအတတ်ပညာနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ တိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေး ရည်ရွယ်ပြီး အသက်မွေးဝမ်း ကျောင်းဆိုင်ရာ အတတ်ပညာသင်တန်းများ ပို့ချရန် ၁၆-၈-၂၀၁၃ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြောင်း၊ ပုံမှန်ကျောင်းပညာ ဆက်လက်သင်ကြားရန် အခက်အခဲရှိသူများ အတွက် ၃ နှစ် သက်တမ်းရှိ စီးပွားရေးပညာ၊ လျှပ်စစ်ကျွမ်းကျင်မှုနှင့်ပရိဘောဂပြုလုပ်မှု အတတ် ပညာအထောက်အကူပြုသင်တန်း၊ ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာသင်တန်း၊ သတ္တုပစ္စည်းထုတ် လုပ်မှုအတတ် ပညာသင်တန်းအပါအဝင် အသက်မွေးမှုပညာရပ်ဆိုင်ရာသင်တန်း ၅ မျိုး ဖွင့်လှစ် ပို့ချခဲ့ကြောင်း၊ သင်တန်းများအကောင်အထည်ဖော်နိုင်ရန် CVT Myanmarမှ အဆောက်အဦ၊ နည်းပြ များ၊ သင်ထောက်ကူပစ္စည်းများ၊ ငွေကြေးနှင့် နည်းပညာအကူအညီများ ပံ့ပိုးပေးပြီး ၁၆-၈-၂၀၁၃ မှ ၁၆-၈-၂၀၂၃ ထိ ၁၀ နှစ်ကြာ ပူးပေါင်းဆောင်ရွက်၍ စီမံကိန်းပြီးဆုံးပါက သင်တန်းကျောင်း အဆောက်အဦများကို ဝန်ကြီးဌာနက လွှဲပြောင်းလက်ခံဆောင်ရွက်မည်ဖြစ်ကြောင်း၊ သင်္ဃန်းကျွန်း မြို့နယ်၊ ဘဝမြင့်အိမ်ယာရှိ ဌာနပိုင်မြေနေရာတွင် အသက်မွေးမှုပညာရပ်ဆိုင်ရာသင်တန်းများ ပို့ချ နိုင်ရန် အလုပ်ရုံနှင့် စာသင်ခန်းများ ပါဝင်သော နှစ်ထပ်အဆောက်အဉီ ဆောက်လုပ်၍ ၁၀-၁၁-၂၀၁၈ ရက်နေ့တွင် ဖွင့်ပွဲကျင်းပခဲ့ပြီး သင်တန်းများ ပို့ချပေးနေကြောင်း၊ စာတွေ့သင်တန်းခန်းမများနှင့် ရုံးခန်းများပါဝင်သော နှစ်ထပ်အဆောက်အဉီကို CVT Myanmar မှ ထပ်မံတိုးချဲ့ဆောက်လုပ် လျက်ရှိကြောင်း၊ သင်တန်းဆင်း လူငယ်မောင်မယ်များကို လက်ရှိလုပ်ငန်းခွင်တွင် အရည်အသွေး ပိုမိုတိုးတက်မြင့်မားစေရေး ဆက်လက်လေ့ကျင့်သင်ကြားရန်၊ အသိအမှတ်ပြုလက်မှတ်များ ရရှိ ထားသည့် လူငယ်များအနေဖြင့် မိမိတို့လုပ်ငန်းခွင်အလိုက် အောင်မြင်စွာရပ်တည်နိုင်သည့် လူငယ် များဖြစ်လာစေရန် ဆန္ဒပြုကြောင်း၊ လူငယ်များ၏အနာဂတ်ဘဝလုံခြုံမှုရှိစေရေးလုပ်ငန်းခွင်အတွင်း တီထွင်ဖန်တီးမှုစွမ်းအားဖြင့် စွမ်းဆောင်ရည်ပြည့်ဝသော ကျွမ်းကျင်ပညာရှင်များ ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ ကျွမ်းကျင်လုပ်သားများအနေဖြင့် သက်ဆိုင်ရာကုမ္ပဏီများ၏ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုခြင်းဖြင့် မြန်မာနိုင်ငံ၏ရေရှည် တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း -MSDP ကို အကောင်အထည် ဖော်ရာတွင် အကျိုးပြုစေမည်ဖြစ်ကြောင်း၊ နည်းပညာနှင့်အသက်မွေးဝမ်းကျောင်းပညာရေးသည် ပထမတန်းစား ပညာရေးဖြစ်သည်ဟု ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် ကျင်းပခဲ့သည့် TVET Forum ၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ကြားချက်နှင့်အညီ ၂၀၁၈ ခုနှစ် နှစ်စဉ်လုပ်သားအင်အားစစ်တမ်း အရ မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်သော အသက်အပိုင်းခြားရှိ အသက်၁၅နှစ်မှ၂၄နှစ်ထိ လူငယ် ၈ သန်းကျော် ကို လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြင့် စွမ်းဆောင်ရည်ပြည့်ဝသည့် လုပ်သားထုဖြစ်လာ ရန်မျှော်မှန်းထားကြောင်း၊အနာဂတ်တွင် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) မှ မြန်မာလုပ်သားထုကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်များတွင်သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိတ်ဖက်အဖွဲ့အစည်း များမှဆက်လက်ပူးပေါင်းဆောင်ရွက်စေလိုကြောင်းမှာကြားခဲ့သည်။

ဆက်လက်၍ အလုပ်အကိုင် ၅ မျိုး အတွက် သင်တန်းဆင်း အောင်လက်မှတ်များကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။