နေပြည်တော် ဇူလိုင်၁၂ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)မှ Mr. Willian Lacy Swing ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၁၆၀၀ နာရီအချိန် တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမတွင်လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် IOM နှင့်ပူးပေါင်း၍ မလေးရှားနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား များပြန်လည်ပို့ဆောင်ရေးကိစ္စရပ်များ၊ရွှေ့ပြောင်းသွားလာမှုဆိုင်ရာကိစ္စရပ်များ၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများကိုကာကွယ်စောင့်ရှောက်နိုင်ရန် ရွှေ့ပြောင်းသွားလာရန် အလားအလာ ရှိသည့် နိုင်ငံများနှင့် MOU ရေးထိုး၍ တရားမဝင်ရွှေ့ပြောင်းသွားလာခြင်းကို လျှော့ချနိုင်ရန် လိုအပ်သည့် သတင်းအချက်အလက်များ၊ကောင်းမွန်သည့်အလေ့အထများနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုမခံရ ရေးစသည်တို့နှင့် ရွှေ့ပြောင်းသွားလာသူများ နေရပ်ပြန်ပို့ရေးနှင့်မိသားစုပြန်လည် ပေါင်းစည်းရေး လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့မှုများ၊မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လိုအပ်ချက် များကိုကူညီ ဆောင်ရွက်ပေးနိုင်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မြန်မာအစိုးရနှင့် IOM တို့ အကြားပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်နိုင်ရေးကိစ္စရပ်များအပြင် ရခိုင်ပြည်နယ်တည်ငြိမ်ရေး နှင့် ပြန်လည်လက်ခံရေးကိစ္စများနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှုများ၊ ဖြစ်ပေါ်တိုးတက်မှုများ နှင့်နိုင်ငံတစ်ကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများအားရင်းနှီးပွင့်လင်း စွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။