အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                             ဒီဇင်ဘာလ ၁၅

၁၅-၁၂-၂၀၂၃ ရက်နေ့၊ ၁၀:၀၀ နာရီတွင် အလုပ်သမားဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်သော လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်၊ နေပြည်တော်ကောင်စီဝန်းအတွင်းရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပခဲ့ရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အလုပ်သမား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ၂၀၂၃ ခုနှစ်၊ (၁၀၃) နှစ်မြောက်  အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက် (၄) ရပ်အနက် ဗလငါးတန်နှင့် ပြည့်စုံသည့် မျိုးချစ်စိတ် ရှိသော လူငယ်များ ပြုစုပျိုးထောင်ရေး နှင့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရေး ဖော်ပြပါရှိကြောင်း၊

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် (ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ စက်စဲ၊ ဘားအံနှင့် ပဲခူး) တို့တွင် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများ တည်ထောင်၍ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည် ကျွမ်းကျင်မှုသင်တန်းများကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် သက်ဆိုင်ရာတိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ပူးပေါင်း၍ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း၊

နိုင်ငံတော်အစိုးရအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း များ (MSME) ဖွံ့ဖြိုးတိုးတက်စေရန် အလေးထားဆောင်ရွက်လျက်ရှိပြီး MSME လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မရှိမဖြစ်လိုအပ်သည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရန် ဝန်ကြီးဌာနများသည် သင်တန်းဖွင့်လှစ်ပို့ချခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊

သင်တန်းသားများအနေဖြင့် သင်တန်း၌သင်ယူခဲ့သည့် သင်ခန်းစာများကို မိမိလုပ်ငန်း ခွင်တွင် ပြန်လည်အသုံးချရာ၌ စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချတတ်ရန်လိုကြောင်း၊ မိမိတတ်ကျွမ်းထားသည့် ပညာရပ်များဖြင့် ပြည်တွင်း၌ဖြစ်စေ ပြည်ပ၌ဖြစ်စေ ကျွမ်းကျင်ပိုင် နိုင်စွာ တတ်မြောက်ထားမည်ဆိုပါက  မိမိကိုယ်တိုင် လုပ်ခလစာ တိုးမြင့်ရရှိခြင်း၊ လုပ်ငန်းခွင် တည်မြဲခြင်းစသည့် ရလဒ်ကောင်းများရရှိိနိုင်ပြီး  ပြည်ပသို့သွားရောက် လုပ်ကိုင်လျှင်လည်း မိမိ၏ကြိုးစားအားထုတ်မှု၊ ကျွမ်းကျင်ပိုင်နိုင်မှုတို့ကြောင့် မိမိနိုင်ငံဂုဏ်တက်စေနိုင်သောကြောင့် မိမိ၏ ဆောင်ရွက်မှု၊ ကြိုးစားအားထုတ်မှု တို့အပေါ်တွင်မူတည်နေကြောင်း၊

လျှပ်စစ်သွယ်တန်းသင်တန်းဆင်းများအနေဖြင့် NSSA ၏ လျှပ်စစ်စစ်ဆေးအကဲဖြတ် ခြင်းတွင် ဝင်ရောက်ဖြေဆိုပြီး မိမိတို့ကျွမ်းကျင်မှုအလိုက် NSSA ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များ ဝင်ရောက်ဖြေဆိုနိုင်ကြောင်းနှင့် ဝင်ရောက်ဖြေဆိုလိုပါက NSSA အနေဖြင့် ချိတ်ဆက်ပေးမည်ဖြစ်ကြောင်း၊ ဖြေဆိုနိုင်ရန်အတွက် လက်ရှိတွင်စစ်ဆေး အကဲဖြတ်ရေး ကုန်ကျစရိတ်များကို နိုင်ငံတော်က ကျခံပေးနေသောကြောင့် ဖြေဆိုသူအနေဖြင့် ကုန်ကျစရိတ်မရှိ အခမဲ့ဝင်ရောက်ဖြေဆိုနိုင်ကြောင်း၊ NSSA ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရရှိထားသည့် လုပ်သား၏ ကျွမ်းကျင်မှုကို မိမိနိုင်ငံတွင်းသာမက အခြားနိုင်ငံများရှိ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများကပါ အသိ အမှတ်ပြုလာကြကြောင်းနှင့် အသိအမှတ်ပြုလက်မှတ်ရ လုပ်သားများအနေဖြင့် အလုပ်အကိုင် ရရှိခြင်း၊ လုပ်ခလစာများ တိုးမြှင့်ရရှိခြင်း၊ လုပ်ငန်းခွင်တည်မြဲခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက သင်တန်းသားထူးချွန်ဆု၊ သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းနည်းပြဆရာ၊ ဆရာမတို့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း ပြီး ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာ၊ ဆယ်လ်မာအွန်ဒုန်ခန်းမ တွင် သင်တန်းသား (၂၃)ဦး ဖြင့် ၂၀-၁၁-၂၀၂၃ ရက်မှ ၁၅-၁၂-၂၀၂၃ ရက်အထိ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း ဖွင့်လှစ်ပို့ချခဲ့ကြောင်း၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ လျှပ်စစ်သွယ်တန်း သင်တန်းအပြင် ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော အခြားအသက်‌မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ခြင်း၊ လုပ်သားများ၏ ကျွမ်းကျင်မှုအလိုက် စစ်ဆေးအကဲဖြတ်ပြီး အသိ အမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းစဉ်များအား ဆောင်ရွက်လျက်ရှိပါသည်။