အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ပြည်ထောင်စုနယ်မြေအတွင်း အကျုံးဝင်မှတ်ပုံ တင်ထားသောအလုပ်ဌာနများမှ အာမခံအလုပ်သမားများအား အကျိုးခံစားခွင့်များ ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ စုဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်ခဲ့သည်။

          အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ် များ၊ အာမခံအလုပ်သမားများနှင့် အကျိုးခံစားခွင့်လက်ခံရယူမည့်သူများ တက်ရောက်ကြသည်။

          ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေအတွင်းရှိ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်အရ ဆေးဖိုး ကုန်ကျစရိတ်များ ပြန်လည်ပေးအမ်းခြင်းနှင့် အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့်အာမခံစနစ် အရ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးသွားသည့် အာမခံအလုပ်သမား၏ ကျန်ရစ်သူမိသားစု များအား အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းဖြစ်ကြောင်း၊

တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ မြို့နယ်လူမှုဖူလုံရေးရုံး (၇၈) ရုံးတွင် အလုပ်ဌာန (၃၅,၂၅၃) ဌာနနှင့် အလုပ်သမား (၁,၂၅၂,၂၃၃) ဦး အကျုံးဝင်မှတ်ပုံတင်ထားပြီး ပြည်ထောင်စု နယ်မြေ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာန (၁၀၆၇) ဌာန၊ အာမခံ အလုပ်သမား (၂၆,၃၈၂) ဦး ရှိပါကြောင်း၊

အာမခံအလုပ်သမားများ ကျန်းမာရေးစောင့်ရှောက်မှု၊ မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှုနှင့် အလုပ်တွင်ထိခိုက်မှုအတွက် ငွေကြေးအကျိုးခံစားခွင့်တို့အပြင် အငြိမ်းစားယူပြီးနောက် ဆေးဝါး ကုသမှု ဆက်လက်ခံယူခွင့်တို့အတွက် “One for all , All for one” (စုပေါင်းခြင်းဖြင့်ဖူလုံအံ့) ဆိုသည့် လူမှုဖူလုံရေးဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ခြင်းကြောင့် အလုပ်ရှင် များအနေဖြင့် မိမိအလုပ်သမားများအား ဥပဒေနှင့်အညီ အကျုံးဝင်မှတ်ပုံတင်ပြီး ထည့်ဝင်ကြေးများ ပေးသွင်းခြင်း၊ ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များထုတ်ယူခြင်းဖြင့် အလုပ်သမားများ၏အကျိုးကို နစ်နာဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ခေတ်ကာလ နှင့်အညီ လိုက်လျောညီထွေဖြစ်စေမည့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။           အဆိုပါအခမ်းအနားတွင် ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်အရ ပြည်ထောင် စုနယ်မြေအတွင်းရှိ ဒက္ခိဏသီရိမြို့နယ် လူမှုဖူလုံရေးရုံးနှင့် ပျဉ်းမနားမြို့နယ် လူမှုဖူလုံရေးရုံးတို့ တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမား (၁၉) ဦးတို့၏ ဆေးဖိုးကုန်ကျငွေများ၊ မီးဖွားခြင်းဆိုင်ရာဝန်ဆောင်မှုများအတွက် အကျိုးခံစားခွင့်ငွေကျပ် ၁၄,၈၈၉,၄၉၂.၂၂ နှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်အရ ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ်  ၅,၄၀၀,၀၀၀ ၊ စုစုပေါင်းအာမခံအလုပ်သမား (၂၀) ဦးတို့အတွက် အကျိုးခံစားခွင့်ငွေကျပ် ၂၀,၂၈၉,၄၉၂.၂၂ ကို ခွင့်ပြုထုတ်ပေးခဲ့ပါသည်။