နေပြည်တော် နိုဝင်ဘာ ၇
စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးအတွက် တာဝန် ထမ်းဆောင်ပြီးချိန်တွင် ၎င်းတို့ဆန္ဒပြုသော အလုပ်အကိုင်များကို သတ်မှတ်ချက်များနှင့်အညီ ခန့်ထားပေးနိုင်ရေးအတွက် ပြည်ပအလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီ၏ ပထမ အကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အလုပ်သမားဝန်ကြီးဌာန၊ ယာယီအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ပြည်ပအလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် ပြည်ပအလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်လိုပါက ၎င်းတို့ဆန္ဒပြုသည့် အလုပ်အကိုင်များရှာဖွေပေးခြင်း၊အလုပ်အကိုင်လိုအပ်သည့် လုပ်သားစာရင်းနှင့်အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များကိုစာရင်းပြုစုခြင်းနှင့် စိစစ်ရွေးချယ် ခြင်း၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက် ပေးခြင်း၊ ဘာသာစကား၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်သင်တန်း၊ လုပ်ငန်းခွင်ကျွမ်းကျင် သင်တန်းများသင်ကြားပို့ချပေးခြင်း၊ပြည်ပနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းများနှင့် အညီစေလွှတ်ခြင်း စသည့် လုပ်ငန်းတာဝန်များကို စီစဉ်ဆောင်ရွက်ပေးနိုင်ရေး လိုအပ်သည်များ လမ်းညွှန်မှာ ကြားပြီး လုပ်ငန်းကော်မတီအဖွဲ့ဝင်များက ဆောင်ရွက်ပေးမည့်လုပ်ငန်းစဉ်များကို ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နေ့လယ်ပိုင်းတွင် ပြည်တွင်းအလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေးလုပ်ငန်း ကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက စစ်မှုထမ်းတာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများကို ပြည်တွင်းအလုပ်အကိုင်ဆန္ဒပြုသူများအတွက် ပြည်တွင်း အလုပ်အကိုင်နေရာများတွင် ခန့်ထားနိုင်ရေး ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ် များရှိ ခရိုင်/မြို့နယ် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် အလုပ်ရှင်များ ပေးပို့ ထားသည့် အမှာစာပါ အလုပ်အမျိုးအစားများတွင် မိမိတို့နှင့်ကိုက်ညီသည့် အလုပ်အကိုင်များကို ရွေးချယ်စေကာ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့် ၎င်းတို့ဆန္ဒပြုသည့် လုပ်ငန်းနှင့် သက်ဆိုင် သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများတက်ရောက်နိုင်ရေးအတွက် သက်မွေး သင်တန်းကျောင်းများ ဖွင့်လှစ်ထားသော သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရ၊ ပုဂ္ဂလိက သင်တန်းကျောင်းများနှင့် ချိတ်ဆက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များမှ မိမိတို့ဌာနအလိုက် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

