အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                          မေ ၁၀

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ကျင်းပပြုလုပ်သည့် ပြည်တွင်းအလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမား ရေးရာတာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ တာဝန်ရှိသူများ၊ စက်မှုဇုန် (၂၉) ဇုန်မှ  စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ လုပ်ငန်း ရှင်များ၊ စက်ရုံ၊ အလုပ်ရုံများမှ HR မန်နေဂျာများ၊ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင် အေဂျင်စီများမှ မန်းနေးဂျင်းဒါရိုက်တာများ အပါအဝင် ၂၀၀ ဦးခန့် တက်ရောက်ခဲ့သည်။

ဒုတိယဝန်ကြီးက ပြည်တွင်းအလုပ်အကိုင်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၅၉ ခုနှစ်၊ အလုပ်ခန့်ထားမှုကန့်သတ်ရေး အက်ဥပဒေနှင့် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ (၂၀၁၃ ခုနှစ်) တို့အရ အလုပ်ရှင်များအနေဖြင့် မိမိတို့လုပ်ငန်း၏ လိုအပ်ချက်နှင့်အညီ အလုပ်သမားများကိုခန့်ထားနိုင်ရန် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအောက်ရှိ အလုပ်အကိုင် နှင့် အလုပ်သမားရှာဖွေရေးရုံးများကို အလုပ်သမားလိုအပ်ကြောင်း အမှာစာများပေးပို့၍ အလုပ်သမား တောင်းခံပြီး ဆောင်ရွက်နိုင်သကဲ့သို့ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်ရအေဂျင်စီများကို ချိတ်ဆက် ၍ လစ်လပ်အလုပ်နေရာများအတွက် လိုအပ်သည့်အလုပ်သမားများခန့်ထားနိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိရေးအတွက် အလုပ်ရှာဖွေသူနှင့် အလုပ်ရှင်တို့ တွေ့ဆုံပြီး တစ်နေရာတည်းတွင် One Stop Service ဖြင့် ရွေးချယ်ခန့်ထားပေးနိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းပြပွဲ Job Fair များကို အလုပ်သမားဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကုမ္ပဏီများ၊ အသင်းအဖွဲ့များ၊ ပြည်တွင်း/ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်အေဂျင်စီများ ပူးပေါင်း၍ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း၊

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အနေဖြင့် အလုပ်ရှာဖွေ သူများနှင့် အလုပ်သမားလိုအပ်သည့် အလုပ်ရှင်များ Online မှတစ်ဆင့် ရှာဖွေချိတ်ဆက်နိုင်ရန် အလုပ်အကိုင်ရှာဖွေရေး Website www.myanmarjob.gov.mm ကို တည်ထောင်ခဲ့ပြီး အလုပ်ရှင်များအနေဖြင့် ဌာန၏ Website ကို သိရှိအသုံးပြုလာစေရေးအတွက် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများမှ အလုပ်ရှင်များသို့ အသိပညာပေးခြင်း၊ အလုပ်ရှင်များအား Account ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး အလုပ်ရှင်များအနေဖြင့် အလုပ် လစ်လပ်နေရာများအတွက် အလုပ်သမား ရှာဖွေခန့်ထားလိုပါက အလုပ်ခေါ်စာ Job Offer များ အား ဌာန၏ Website www.myanmarjob.gov.mm တွင် အချိန်မ‌ရွေး၊ နေရာမ‌ရွေး အချိန်ကုန် ငွေကုန် သက်သာစွာဖြင့် အခမဲ့ လွှင့်တင်ခေါ်ယူနိုင်ကြောင်း၊

ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း လုပ်ကိုင်လိုသော နိုင်ငံသားပိုင် ကုမ္ပဏီများအား ၁၉၅၉ ခုနှစ်၊ အလုပ်ခန့်ထားမှုကန့်သတ်ရေးအက်ဥပဒေနှင့် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက် ရေးဥပဒေ (၂၀၁၃ ခုနှစ်) တို့နှင့်အညီ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်ကို ခွင့်ပြုထုတ်ပေး လျက်ရှိကြောင်း၊

ပြည်တွင်းအလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရှင်များအနေဖြင့် မိမိတို့ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၌ အလုပ်သမားလိုအပ်ပါက အလုပ်ရှင်မှ တိုက်ရိုက်လစ်လပ် အလုပ်နေရာများ ကြော်ငြာခေါ်ယူခြင်းမပြုဘဲ ဥပဒေနှင့်အညီ သက်ဆိုင်ရာ မြို့နယ်အလုပ် အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများသို့ အမှာစာပေးပို့ အကြောင်းကြားဆောင်ရွက်သွားရန် နှင့် ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၇၇ ခုနှင့်လည်း ချိတ်ဆက်၍ အလုပ်သမား ရှာဖွေခန့်ထားဆောင်ရွက်သွားရန်လိုကြောင်း၊

ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်အေဂျင်စီများအနေဖြင့် အလုပ်ရှင်များ၏ အလုပ်သမားလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် အလုပ်ရှင်များနှင့် ချိတ်ဆက်ပြီး အလုပ်သမားဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်တွင်း အလုပ်အကိုင်များ ဖွံ့ဖြိုးတိုးတက်လာ စေရန် ဂုဏ်သိက္ခာရှိသောအေဂျင်စီများအဖြစ် ဆောင်ရွက်ကြရန်၊ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများနှင့် ပြည်တွင်းအေဂျင်စီများ ချိတ်ဆက်ပြီး အလုပ်ရှင်များအတွက် အလုပ်သမားလိုအပ်ချက် ကို အခက်အခဲမရှိ ဖြည့်ဆည်းဆောင်ရွက်သွားရန်လိုကြောင်း၊

ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ရေးကို MSME လုပ်ငန်းများက အထောက်အကူပြု လျက်ရှိသည့်အတွက် MSME လုပ်ငန်းတွင် အဓိကလိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျွမ်းကျင်လုပ်သားရရှိရေးအတွက် အလုပ်ရှင်များအနေဖြင့် အလေးထားစီမံ ဆောင်ရွက်သွားရန်နှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများ၊ အေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည့် (၁၆) ကြိမ် မြောက် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (EPS- TOPIK) ကျင်းပစစ်ဆေးနေမှု အခြေအနေ များကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။