ရန်ကုန်မြို့                                                                                                     ဒီဇင်ဘာ ၃

          အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ယုဇနဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲသို့ တက် ရောက်၍ အမှာစကားပြောကြားခဲ့သည်။

          အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဦးစီးမှူးများ နှင့် ပြည်တွင်းအလုပ် အကိုင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဝင် မန်နေဂျင်းဒါရိုက်တာများအပါအဝင်   ၁၀၀ ဦးခန့် တက်ရောက်ခဲ့သည်။

          ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနတွင် Visions၊ Mission များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ရည်မှန်းချက်တာဝန်ပါ ပြည်တွင်း၊ ပြည်ပတို့၌ သင့်လျော် ကောင်းမွန်သည့် အလုပ်အကိုင်ရရှိစေရေးနှင့် ဘေးကင်းသည့်ရွှေ့ပြောင်းသွားလာမှုဖြစ်ပေါ်စေ ရေးနှင့် အမှန်တကယ် အလုပ်လုပ်ကိုင်နိုင်သူများကို သင့်တင့်ကောင်းမွန်သည့် လုပ်ငန်းခွင်များ၌ နေရာချပေးရေးအတွက် ၁၉၅၉ ခုနှစ် အလုပ်ခန့်ထားမှုကန့်သတ်ရေးအက်ဥပဒေနှင့် ၂၀၁၃ခုနှစ်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေတို့နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလုပ်အကိုင်ရှာဖွေသူ၏ အသက်အရွယ်၊ စွမ်းအားနှင့် သင့်လျော်သည့် အလုပ်အကိုင်ရွေးချယ်ရေး၊ အလုပ်အကိုင်ရရှိရေး၊ အလုပ်ခွင်တည်မြဲရေးနှင့် ကျွမ်းကျင်မှုတိုးတက်ရေးအတွက် ကူညီပေးရန်နှင့် လုပ်ငန်းခွင်နှင့် ကိုက်ညီသင့်လျော်သည့် အလုပ်သမားများ ရရှိရေးအတွက် အလုပ်ရှင်များအား ကူညီပေးရန် ဝန်ကြီးဌာန အနေဖြင့် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများကို နိုင်ငံတဝှမ်း ဖွင့်လှစ်၍ အခမဲ့ ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း။

          ထို့အပြင် အလုပ်အကိုင်ရှာဖွေနေသူများအား အခမဲ့ဝန်ဆောင်မှုပေးသော ပုဂ္ဂလိက ပြည်တွင်း အလုပ်အကိုင်စုဆောင်းရေး အကျိုးဆောင်ကုမ္ပဏီများကို ခွင့်ပြုချက်ပေး၍ ပြည်တွင်း အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ အလုပ်လုပ်ကိုင်လိုသူများကို အလုပ်အကိုင် ရရှိစေခြင်းဖြင့်  အလုပ်လက်မဲ့များနည်းပါးစေရေး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။   

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေး ဦးတည်ချက်ပါ ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ် အကိုင်အခွင့်အလမ်းများ ဆောင်ရွက်‌ဖော်ဆောင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များကို သင့်လျော်သည့် အလုပ်အကိုင်အမျိုးအစားအလိုက် ထိုက်တန်သည့်နေရာ၌ တာဝန်ပေးအပ် နိုင်ရန် စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းရှင်များ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုသည် များစွာ အရေးပါ ကြောင်း၊ ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းရှင်များအနေဖြင့် စွမ်းဆောင်ရည် မြင့်မားစေရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  အလုပ်အကိုင်အမျိုးအစားအလိုက် ဝန်ဆောင်မှုပေးလျက်ရှိသော ညီနောင်လုပ်ငန်းရှင်များကို အသင်းဝင် အင်အား တိုးတက်စေရေး စည်းရုံးဆောင်ရွက်ရန်လိုကြောင်း။

          သို့ဖြစ်၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအလိုက် ပြည်တွင်း အလုပ်အကိုင်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းရှင်အသင်းများ တည်ထောင်နိုင်ရေး ဝန်ကြီးဌာနမှ လိုအပ်သည်များ ပံ့ပိုးကူညီပေးမည်ဖြစ်ပြီး သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသို့ ချိတ်ဆက်ဆောင်ရွက်ရန်နှင့် အသင်းမှ တာဝန်ရှိသူများ အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ ကွင်းဆင်း၍ အသိပညာပေး ဆွေးနွေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်စေလိုကြောင်း။

          အသင်း၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို ကောင်းစွာ သိရှိနားလည်ပြီး ဌာနမှ ထုတ်ပြန်သည့် လိုင်စင်စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပြီး ကောင်းမွန်သည့် လုပ်ဆောင်ချက်များဖြင့် အသင်း၏ဂုဏ်ကို မြှင့်တင်ပေးရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။