အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                               မေလ ၇ ရက်

ပြည်တွင်းအလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်၊ ရုံးအမှတ် ၅၁၊ အလုပ်သမား ဝန်ကြီးဌာန၊ အစည်းအဝးခန်းမ၌ ကျင်းပခဲ့ပါသည်။

လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက တာဝန်ကျေပွန်ပြီးသော ပြည်သူ့စစ်မှုထမ်းများ၏ ကျွမ်းကျင်မှုများနှင့် လုပ်ငန်းအတွေ့အကြုံများအရ သင့်လျော်သည့် အလုပ်အကိုင်များနှင့် စနစ်တကျ ချိတ်ဆက်ပေးနိုင်ရေး ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊

စစ်မှုထမ်းကာလ ပြည့်ပြီးနောက် ပြည်တွင်းအလုပ်အကိုင်လုပ်ကိုင်လိုသူများ၏ အချက် အလက်များရယူ၍ ၎င်းတို့ ဆန္ဒပြုသည့် အစိုးရဌာန/ ပြည်တွင်းကုမ္ပဏီများတွင် လျှောက်ထားနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန်အတွက် လုပ်ငန်းကော်မတီဝင်များ၊ ဝန်ကြီးဌာနများ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်၍ အလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လိုအပ်ကြောင်း၊

လုပ်ငန်းကော်မတီဝင်များအနေဖြင့် အစိုးရဝန်ထမ်းလုပ်လိုသော ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်ပြီးသူများအား ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြည်တွင်း စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီ၊ အလုပ်ဌာနသို့ သွားရောက်လုပ်ကိုင်လိုသူများအား သက်ဆိုင်ရာ လုပ်ငန်းရှင်၊ စက်မှုဇုန်ကော်မတီများနှင့် ညှိနှိုင်းဆောင်ရွက်ရန်လိုကြောင်းပြောကြားခဲ့ပါသည်။

ပြည်တွင်းအလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီသည် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ၄၅ နှင့်အညီ စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများအား ၎င်းတို့၏ မူလ အလုပ်အကိုင်ကိုဖြစ် စေ၊ အလုပ်ရှင်က မူလအလုပ်အကိုင်တွင် ပြန်လည်ခန့်ထားရန် အခက်အခဲရှိသည့်အခါ အလားတူ အလုပ်အကိုင်တွင်ဖြစ်စေ ခန့်ထားနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

 စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးသော ပြည်သူ့စစ်မှုထမ်းများအတွက် သင့်လျော် ကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးခြင်းသည် ၎င်းတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အပံ့ဖြစ်စေပါကြောင်း သတင်းရရှိပါသည်။