နေပြည်တော် ဩဂုတ် ၁၂
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၏ စုဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်တွင် အလုပ်သမားဝန်ကြီးဌာန ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်မည့် အားကစားသမား များအား တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ကစားသမားများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၌ ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနမှ အဆင့်မီမီ ပါဝင် ယှဉ်ပြိုင်နိုင်ရေး၊ ဆုတံဆိပ်များ ရရှိနိုင်ရေးနှင့် ဌာနဂုဏ်ဆောင်နိုင်ရေးတို့အတွက် ဝန်ကြီးဌာန ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများ၏ လိုအပ်ချက်၊ အခက်အခဲများရှိပါက ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးရန် ခေါ်ယူတွေ့ဆုံခြင်းဖြစ်ကြောင်း၊ အမျိုးသားအားကစား ပွဲတော်ကို နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရန်၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိိုင်ပွဲများတွင် အောင်မြင်မှုရှိစွာ ယှဉ်ပြိုင်နိုင်ရန်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနှင့် အလားအလာရှိသည့် လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် စသည့် ဦးတည်ချက်များဖြင့် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊
နိုင်ငံတော်အကြီးအကဲက အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည် ချစ်စိတ်များနှင့် အမျိုးသားရေးစရိုက်လက္ခဏာတို့ကို ရှင်သန်ထက်မြက်စေပြီး တစ်မျိုးသားလုံး ၏ ကျန်းမာကြံ့ခိုင်ရေးကို ဖြစ်ပေါ်စေနိုင်သည့်အတွက် အားကစားနှင့်ပတ်သက်၍ အားပေး ဆောင်ရွက်ရမည် ဟု လမ်းညွှန်ထားရှိသဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း လစဉ် အားကစားပြိုင်ပွဲများ ကျင်းပပေးလျက် ရှိပြီး ထူးချွန်သည့် အားကစားသမားများကို ဝန်ကြီးဌာနအဆင့်၊ နိုင်ငံတော်အဆင့် အားကစား ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများ တည်းခိုနေထိုင်ရာတွင် စနစ်တကျရှိစေရေး၊ စိတ်အေးချမ်းသာစွာဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ စားသောက်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေး စသည့်ကိစ္စရပ်များကို အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်သည့် ဌာနများက လိုအပ်ချက်များမရှိအောင် စီမံဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်သည့်အပြင် အားကစားနည်း များအလိုက် နည်းပြများဖြင့် စနစ်တကျ လေ့ကျင့်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊
ဝန်ကြီးဌာနအနေဖြင့် ပြိုင်ပွဲများတွင် ဆုရရှိသည့် အားကစားသမားများကို ထိုက်ထိုက် တန်တန် ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်သည့်အတွက် အားကစားသမားများအနေဖြင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ရာ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်၍ ဆုတံဆိပ်များရရှိအောင် အားသွန်ခွန် စိုက်ကြိုးစားယှဉ်ပြိုင်ကြရန်နှင့် လိုအပ်ချက်၊ အကြံပြုချက်များရှိပါက တင်ပြဆွေးနွေးနိုင် ကြောင်း ပြောကြားခဲ့သည်။
ထိုနောက် ပြိုင်ပွဲဝင်မည့် အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်သည့် ညွှန်ကြားရေးမှူးချုပ်များက ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများအား ပြည်ထောင်စု ဝန်ကြီးထံသို့ ရှင်းလင်းတင်ပြခဲ့မှုအပေါ် ဒုတိယဝန်ကြီးမှ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့သည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပိုက်ကျော်ခြင်း၊ ဖူဆယ်၊ ဂေါက်သီးရိုက်နှင့် ပြေးခုန်ပစ် အားကစားနည်းများအား ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။