နေပြည်တော် မေ ၁၀
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် ကဲဝဲလ်မယ်ဒီကယ်ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းဆောင်ရွက်သော လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်း (ဘောဂသိဒ္ဓိ-၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၀၉:၃၀)နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိ မြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ရန်မျိုးသန့်စင်လမ်း၊ မြို့မဈေးအနီးရှိ နေပြည်တော် စည်ပင်သာ ယာရေးကော်မတီပိုင် အဆောက်အဦတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အကျုံးဝင် အလုပ်ဌာနများမှ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ ကဲဝဲလ်ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်၍ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် နေပြည်တော်ကောင်စီဥက္ကဌတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဆေးခန်းအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ လူမှုဖူလုံရေးစီမံကိန်း အကျုံးဝင် အာမခံ အလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ငွေကြေးအကျိုး ခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းတို့ကို တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် (၉၆)ရုံး၊ အလုပ်သမား ဆေးရုံကြီး(၃)ရုံ၊ လူမှုဖူလုံရေးဆေးခန်း (၉၆)ခန်း၊ ဌာနကြီးဆေးခန်း (၅၆)ခန်း၊ ပုဂ္ဂလိက ဆေးရုံ / ဆေးခန်း (၃၂)ခန်း၊ တိုင်းရင်းဆေးခန်း(၁)ခန်း၊ ရွေ့လျားဆေးကုသယာဉ် (၂)စီးတို့ဖြင့် မြို့နယ် ပေါင်း (၁၁၆)မြို့နယ်၌ လူမှုဖူလုံရေးစီမံကိန်းအကျုံးဝင် အာမခံအလုပ်သမားများအား ဝန်ဆောင် မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
လူမှုဖူလုံရေးအဖွဲ့၌ တစ်နိုင်ငံလုံးတွင် အကျုံးဝင်သော အလုပ်ဌာနပေါင်း ၃၃,၈၆၈ ဌာနနှင့် အာမခံအလုပ်သမားပေါင်း ၁,၁၀၇,၃၃၈ ဦးရှိပြီး နေပြည်တော်ကောင်စီနယ်မြေတွင် အကျုံးဝင် အလုပ်ဌာနပေါင်း ၉၉၂ ဌာနနှင့် အကျုံးဝင်အာမခံအလုပ်သမားပေါင်း ၂၄,၃၆၀ ဦးရှိကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အာမခံအလုပ်သမားများအား ဆေးကုသမှုဝန်ဆောင်မှု ပေးနိုင်ရေးအတွက် မြို့နယ်လူမှုဖူလုံရေးဆေးခန်း (၃) ခန်း၊ ဌာနကြီးဆေးခန်း (၄) ခန်းနှင့် စာချုပ် ဆေးခန်း (၂) ခန်းတို့ဖြင့် ဆေးကုသမှုဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိသော လူမှုဖူလုံရေးအကျုံးဝင်အာမခံအလုပ် သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို အလွယ်တကူရယူ အသုံးပြုနိုင်စေရန် ရည်ရွယ်ပြီး ဇမ္ဗူသီရီမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်တွင် လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါ ကုဆေးခန်း (၁) ခန်းကို တို့ချဲ့ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်း (ဘောဂသိဒ္ဓိ-၁)သည် နေပြည်တော် ကောင်စီနယ်မြေအတွက် (၃) ခန်းမြောက် စာချုပ်ဆေးခန်း ဖြစ်ပြီး နေပြည်တော်ကောင်စီနယ်မြေ အကျုံးဝင်အာမခံအလုပ်သမားများ ဝန်ဆောင်မှုရယူနိုင် သည့် ဆေးခန်း (၁၀) ခန်း ရှိပြီးဖြစ်ကြောင်း၊ လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်းများတွင် အထွေထွေ ရောဂါကုသမှု (OPD Care) သာမက သားဖွား/ မီးယပ် ပြင်ပလူနာကုသမှု (Specialist OG OPD Care) ဝန်ဆောင်မှု ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး တနင်္လာနေ့မှ စနေနေ့အတွင်း မနက် (၈)နာရီမှ ည (၈)နာရီထိ ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍ စာချုပ်ဆေးခန်းများ ထပ်မံ တိုးချဲ့ဖွင့်လှစ်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏ သီရိမြို့နယ်ရှိ လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်း (ဒက္ခိဏသီရိ)သို့ သွားရောက်၍ ဆေးကုသဆောင်ရွက်ခြင်းများကို ကြည့်ရှုအားပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဆေးခန်းရှိ တာဝန်ရှိသူများအား စေတနာထား၍ အားထည့်ဆောင်ရွက်ပေးစေလိုကြောင်း၊ အာမခံအလုပ်သမား များနှင့် ဆက်ဆံရာတွင် တတ်နိုင်သမျှ စိတ်ရှည်သည်းခံပြီး ချေငံစွာဆက်ဆံရန်လိုအပ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနတစ်ခုဖြစ်စေ ရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် ကောင်းမွန်သော ကျန်းမာရေးဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်နှင့် ယခုထက် ပိုမိုထိရောက်အောင် ဆောင်ရွက်ပေး နိုင်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ဆေးခန်းသို့ လာရောက်ဆေးကုသမှုခံယူသည့် အာမခံအလုပ်သမား များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို အလွယ်တကူလက်လှမ်းမီရယူနိုင်စေရန် ပုဂ္ဂလိကနှင့် ပူးပေါင်း၍ စာချုပ် ဆေးခန်းများဖွင့်လှစ်ကာ ဝန်ဆောင်မှုထောက်ပံ့ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် Capitation Payment စာချုပ် ဆေးခန်း ၂၁ ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း ၁၁ ခန်းဖြင့် ဝန်ဆောင်မှုပေး လျက်ရှိကာ အာမခံအလုပ်သမားများ လက်လှမ်းမီသောနေရာများတွင် ဆေးခန်းများဆက်လက် တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။