ရန်ကုန် မေလ ၁၀ ရက်
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် အကျုံးဝင်အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်အစိုးရ ၏ ရက်(၁၀၀) ကာလအတွင်း လူမှုဖူလုံရေးအဖွဲ့ပိုင် ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) (၂) စီးဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်းမြို့နယ်)၊ ရွာသာကြီးအကြီးစားစက်မှုဇုန်ရှိ Myanmar Handsome Garment Co.,Ltd အထည်ချုပ် စက်ရုံနှင့် ACCASETTE GARMENT Co.,Ltd အထည်ချုပ်စက်ရုံများသို့ ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ (၉) ရက်နေ့တွင် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ စက်ရုံများရှိ အာမခံအလုပ်သမား (၅၂၀) ဦးကို ဆေးကုသမှု ဆောင်ရွက် ပေးခြင်း၊ (၁၆၅) ဦးကို ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ပေးခြင်း၊ (၆၀) ဦးကို နှလုံးစမ်းသပ် စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သောဆေးဝါးများကို ထောက်ပံ့ပေး ခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာ ၌ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံကြီး (၃) ရုံ၊ မြို့နယ် လူမှုဖူလုံရေးဆေးခန်း (၉၆) ခန်း၊ ဌာနကြီးဆေးခန်း (၆၂) ခန်း၊ တိုင်းရင်းဆေးခန်း (၁) ခန်း၊ စာချုပ်ဆေးခန်း (၇၅) ခန်း၊ မီးဖွားဝန်ဆောင်မှုဆောင်ရွက်လျက်ရှိသော စာချုပ် ဆေးရုံ/ သားဖွားခန်း (၉) ခန်း၊ ရွေ့လျားဆေးကုသယာဉ် (၄) စီး တို့ဖြင့် ဝန်ဆောင်မှု ဆောင်ရွက် ပေးလျက်ရှိပါသည်။
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ပြည်ထောင်စုနယ်မြေအပါအဝင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ရွေ့လျားဆေးကုသယာဉ် များ (Mobile Medical Unit) ဖြင့် အလုပ်ဌာနများအရောက် အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ အလုပ်သမားဆေးရုံကြီး (ရန်ကုန် ၊ ထန်းတပင်) ရှိ အထူးကုဆရာဝန်ကြီးများပါဝင်သော Specialist Tour ဖြင့် ရန်ကုန်တိုင်း ဒေသကြီး စက်မှုဇုန်များရှိ အလုပ်ဌာနများနှင့် ညှိနှိုင်းချိတ်ဆက်၍ (၁) လလျှင် (၁) ကြိမ် ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ စာချုပ်ဆေးခန်းများ ဖွင့်လှစ် ဆောင်ရွက်ပြီး ဝန်ဆောင်မှုပေးခြင်းနှင့် အလုပ်သမားဆေးရုံကြီး (ရန်ကုန်) နှင့် အလုပ် သမားဆေးရုံကြီး (မန္တလေး) တို့တွင် နာတာရှည်ကျောက်ကပ်ရောဂါလူနာများအတွက် ကျောက်ကပ်သွေးသန့်စင်ခြင်းလုပ်ငန်းများကို ဝန်ဆောင်မှုပေးလျက်ရှိခြင်းတို့ကြောင့် အာမခံအလုပ်သမားများ ငွေကြေးစိုက်ထုတ်ကုန်ကျမှုမရှိဘဲ အချိန်နှင့်တစ်ပြေးညီ ဝန်ဆောင်မှုရရှိနိုင်ပါသည်။
လူမှုဖူလုံရေးအဖွဲ့သည် အလုပ်သမားဆေးရုံကြီးများနှင့် မြို့နယ်လူမှုဖူလုံရေး ဆေးခန်းများအတွက် လိုအပ်သော ဆေးပစ္စည်းကိရိယာများအား ဝယ်ယူဖြည့်တင်းပေးလျက် ရှိသဖြင့် အာမခံအလုပ်သမားများ၏ ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ဆေးကုသမှုလုပ်ငန်း များဆောင်ရွက်ရာတွင် ခေတ်မီဆေးပစ္စည်းကိရိယာများဖြင့် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်း၊ အလုပ်သမားဆေးရုံကြီးများတွင် တင်ဒါအောင်ဓာတ်ခွဲခန်းမှ ဝန်ဆောင်မှုပေးသဖြင့် အာမခံအလုပ်သမားများ ရောဂါဖြစ်ပွားပါက ငွေကြေးစိုက်ထုတ် ကုန်ကျမှု (Out of Pocket) မရှိဘဲ တိကျသည့် ရောဂါရှာဖွေနိုင်ခြင်း၊ အထူးကုဆရာ ဝန်ကြီးများ စစ်ဆေးလိုသည့် ဓာတ်ခွဲစမ်းသပ်မှု အမျိုးအစားများကို တစ်နေရာတည်းတွင် One-Stop Service စစ်ဆေးနိုင်သည့် ဝန်ဆောင်မှုများ ရရှိနိုင်ကြောင်း သတင်းရရှိသည်။

