ရန်ကုန် ဇန်နဝါရီ ၂၃
အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန်စီမံခန့်ခွဲရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သင်တန်းနည်းပြများ နှင့်သင်တန်းသား WCC အဖွဲ့ဝင်များ အပါအဝင် အင်အား ၁၀၀ ဦးခန့် တက်ရောက်ကြသည်။
ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်း ရေးကော်မတီ (WCC) ကို အလုပ်ရှင်နှင့် အလုပ်သမားများအကြား အလုပ်လုပ်ကိုင်မှုအခြေအနေ၊ စည်းကမ်းချက်များ ဆွေးနွေးညှိနှိုင်းရန်၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်း ရေး၊ကျန်းမာရေး၊သက်သာချောင်ချိရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးတို့ကို မြှင့်တင်ဆောင်ရွက် နိုင်ရန် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေနှင့်အညီ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ WCC အဖွဲ့ဝင်များ စွမ်းဆောင်ရည်မြင့်မားလာပြီး အလုပ်ရှင်၏ အကျိုးစီးပွားကို မထိခိုက်စေဘဲ အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန်၊ အငြင်းပွားမှုများကို တည်ဆဲ အလုပ်သမားရေးရာဥပဒေများနှင့်အညီ ဖြေရှင်းနိုင်ရန်၊ အငြင်းပွားမှုများကို WCC တွင် ကနဦး ဖြေရှင်း၍ မပြေလည်မှသာ သက်ဆိုင်ရာ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့သို့ တိုင်ကြားဖြေရှင်းနိုင်၍ WCC ၏ အခန်းကဏ္ဍသည် များစွာအရေးပါသဖြင့် WCC အဖွဲ့ဝင်များအနေဖြင့် အလုပ်သမားရေးရာဥပဒေများကို သိရှိလိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ အငြင်းပွားမှုများကို ထိရောက်စွာ ဖြေရှင်းနိုင်သည်နှင့်အမျှ အငြင်းပွားမှုများ လျော့နည်းကာ လုပ်ငန်းခွင် အေးချမ်းသာယာပြီး ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် များစွာအထောက်အကူ ဖြစ်စေကြောင်း၊
အချို့သော စက်ရုံ၊ အလုပ်ရုံများတွင် WCC ဖွဲ့စည်းထားသော်လည်း အငြင်းပွားမှုများကို WCC ဖြင့်ဆွေးနွေးညှိနှိုင်းမှု မပြုဘဲ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တိုင်ကြားမှုများရှိနေ၍ အလုပ်ရှင်နှင့် အလုပ်သမားများအနေဖြင့် အငြင်းပွားမှုများကို အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ WCC ၌ မပျက်မကွက် ညှိနှိုင်းအဖြေရှာရန်လိုကြောင်း၊ WCC တွင် ပြေလည်မှုရရှိသည့် အငြင်းပွားမှု များကို စုပေါင်းသဘောတူညီချက် ချုပ်ဆို၍ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ မိတ္တူပေးပို့ရန်နှင့် မပြေ လည်မှသာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တိုင်ကြားရမည်ဖြစ်ကြောင်း၊ WCCတွင် ပြေလည်မှုမရရှိသည့် အငြင်းပွားမှုများအနက် အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုဖြစ်ပါက သက်ဆိုင်ရာဦးစီးဌာနများက စည်းကြပ်သော ဥပဒေများအရ ဖြေရှင်းပြီး အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုဖြစ်ပါက အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပါဝင်သော အငြင်းပွားမှု ဖြေရှင်းရေးယန္တရားဖြင့် ညှိနှိုင်း ဖြေရှင်းရမည်ဖြစ်ကြောင်း၊
ယခုသင်တန်းတွင် ဦးစီးဌာနအလိုက် စည်းကြပ်သည့် ဥပဒေများကို တာဝန်ခံအရာရှိများက ပို့ချပေးမည့်အပြင် ခုံသမာဓိကောင်စီဝင်များနှင့် ခုံသမာဓိအဖွဲ့ဝင်များက အငြင်းပွားမှု ဖြေရှင်းရာ တွင် ကြုံတွေ့ရသည့် အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးပို့ချပေးမည်ဖြစ်၍ WCC အဖွဲ့ဝင် သင်တန်းသားများ အလေးထားမှတ်သားရန်နှင့် WCC အဖွဲ့ဝင်များ စွမ်းဆောင်ရည် ပြည့်ဝမှသာ အလုပ်ရှင်၊အလုပ်သမားများ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ကောင်းမွန်သော လုပ်ငန်းခွင် ဆက်ဆံရေး တည်ဆောက်နိုင်ပြီး လုပ်ငန်းခွင်အေးချမ်းသာယာ၍ ကုန်ထုတ်စွမ်းအား တိုးတက် စေမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။ နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ်၊ ချယ်ရီဥယျာဉ် အိမ်ယာရှိ မြန်မာမော်တာကော်ပိုးရေးရှင်း ကုမ္ပဏီလီမီတက်တွင် မော်တော်ယာဉ်စက်ပြင် ကျွမ်းကျင်မှု အဆင့်-၁ အလုပ်အကိုင်အတွက် ဖြေဆိုသူ ၂၀ ဦးအား ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ် နေမှုကို ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ၂၀၁၄ ခုနှစ်မှ ယနေ့ထိ အလုပ်အကိုင် ၅၃ မျိုးအတွက် ဖြေဆိုသူ ၃၀၀၀၀ ကျော်ကို ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နိုင်ခဲ့ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်တွင် အစိုးရ၊ ပုဂ္ဂလိက သင်တန်းကျောင်းများ ပူးပေါင်း၍ ပြည်တွင်း/ပြည်ပ အလုပ်အကိုင် အခွင့် အလမ်းများ ရရှိစေရန် ကျွမ်းကျင်လုပ်သားများ တိုးမြှင့်မွေးထုတ်နိုင်ရန် အသိအမှတ်ပြုလုပ်ငန်းစဉ် များကို အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းများအနေဖြင့် ကျွမ်းကျင်လုပ် သားများ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။