ရန်ကုန် ဒီဇင်ဘာ ၂၆
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ ရွှေပြည်သာ စက်မှုဇုန်ကနောင်ခန်းမ၌ စက်ရုံ၊ အလုပ်ရုံများမှ အခြေခံအလုပ် သမား အဖွဲ့အစည်းဝင်များနှင့်တွေ့ဆုံ၍ ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်အညီ အဆင့်ဆင့်ဖွဲ့စည်းနိုင်ရေး လိုအပ်သည့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ အခြေခံအလုပ်သမားအဖွဲ့အစည်းမှ မြို့နယ်အလုပ်သမားအဖွဲ့အစည်း၊ တိုင်းဒေသ ကြီးအဆင့်အလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့ချုပ်၊ အလုပ်သမားရေးရာအဖွဲ့တို့ကို အလုပ်သမားများ၏ ဆန္ဒသဘောထားအရ အဆင့်ဆင့် တည်ထောင်ဖွဲ့စည်းနိုင်ကြောင်း၊ အလုပ် သမားအဖွဲ့အစည်းများကို ဖွဲ့စည်းရာတွင် အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ရန်၊ အလုပ်သမားအချင်းချင်းအကြား၊ အလုပ်ရှင် နှင့်အလုပ်သမားအကြား ဆက်ဆံရေး ကောင်းမွန်စေရန် စနစ်တကျနှင့် လွတ်လပ်စွာ ဖွဲ့စည်း ဆောင်ရွက် နိုင်ကြောင်း၊ အလုပ်သမား များနှင့်အလုပ်ရှင်များ၏ အကျိုးကို ဆောင်ရွက်နိုင်ရန် အလုပ်သမားအဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်ရာတွင် အလုပ်သမားအဖွဲ့အစည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင် ရွက်ရမည်ဖြစ်ပြီး မြို့နယ်မှတ်ပုံတင်အရာရှိမှတစ်ဆင့် မှတ်ပုံတင်အရာရှိချုပ်ထံ သတ်မှတ်ချက် နှင့်အညီ တင်ပြဆောင်ရွက်နိုင်ကြောင်း၊ သက်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း၏ အလုပ်အမှု ဆောင်အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံစည်းမျဉ်းကို သဘောတူကြောင်း လက်မှတ်ရေးထိုးထားသည့် ပုံစံ ပူးတွဲတင်ပြရန်လိုပြီး အလုပ်အမှုဆောင်အဖွဲ့၏ လုပ်ငန်းတာဝန်များကို ကောင်းစွာ သိရှိ လိုက်နာရန်လိုကြောင်း၊ အလုပ်အမှုဆောင်အဖွဲ့သည် အလုပ်သမားများကို ကိုယ်စားပြုရန်နှင့် ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူပြုသည့် အရည်အချင်းမြင့် အလုပ် သမားများ ပေါ်ပေါက်လာစေရေးအတွက် လုပ်ငန်းခွင်သင်တန်းများနှင့် ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ရန်လိုပြီး အလုပ်သမားဆိုင်ရာ ဥပဒေများပါ အခွင့်အရေးများကို အလုပ်သမားများ ရရှိ ခံစားနိုင်ရေး အလုပ်ရှင်နှင့်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ခွင့်ရှိပြီး သဘောတူညီချက် မရရှိခဲ့လျှင် သက်ဆိုင်ရာဥပဒေနှင့်အညီ အလုပ်ရှင်ထံ တောင်းဆိုခွင့်ရှိကြောင်း၊ အလုပ်ရှင်နှင့်အလုပ်သမား များ အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က ဖြေရှင်းရာတွင် အလုပ်သမားအဖွဲ့အစည်း များသည် အလုပ်သမား ကိုယ်စားလှယ်များ စေလွှတ်ခွင့်ရှိကြောင်း၊ အလုပ်သမားဥပဒေများပါ အလုပ်သမားအခွင့်အရေး သို့မဟုတ် အကျိုးစီးပွား များနှင့် စပ်လျဉ်း၍ အစိုးရ၊ အလုပ်ရှင်နှင့် တောင်းဆိုသူ အလုပ်သမားတို့ ဆွေးနွေးရာတွင် အလုပ်သမားအဖွဲ့အစည်း၏ ကိုယ်စားလှယ် များလည်း ပါဝင်ဆွေးနွေးခွင့်ရှိကြောင်း၊ အလုပ်သမားအဖွဲ့အစည်း အသီးသီးသည် အဖွဲ့အစည်းဝင် အလုပ်သမား ရရှိသည့် လုပ်ခလစာ၏ နှစ်ရာခိုင်နှုန်းထက် မများသော လစဉ်ထည့်ဝင်ကြေး၊ အလုပ်သမားအဖွဲ့အစည်းများက တာဝန်ယူလုပ်ကိုင်သော ယဉ်ကျေးမှုနှင့် အားကစားလုပ်ငန်း များမှ ဝင်ငွေ၊ သက်ဆိုင်ရာ အလုပ်ရှင်က လှူဒါန်းသော ငွေတို့ဖြင့် ရန်ပုံငွေ ထူထောင်ခွင့်ရှိ ကြောင်း၊ ရန်ပုံငွေကို ဖွဲ့စည်းပုံ စည်းမျဉ်းများတွင် ဖော်ပြထားသော လူမှုသက်သာချောင်ချိရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းစသည့် ကိစ္စရပ် များနှင့် ယင်းကိစ္စရပ်များအတွက် ရည်ရွယ်ခေါ်ယူ ကျင်းပသော အဆိုပါ အလုပ်သမားအဖွဲ့ အစည်း၏ အထွေထွေအစည်းအဝေးတွင် အဖွဲ့ဝင်အများစုက အတည်ပြုချမှတ်ထားသည့် ကိစ္စ ရပ်များတွင်သာ သုံးစွဲနိုင်ပြီး သက်ဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့သည် မိမိအဖွဲ့အစည်း၏ ရန်ပုံငွေကို မြန်မာနိုင်ငံအတွင်းရှိ ဘဏ်တစ်ခုခုတွင် ဘဏ်စာရင်းဖွင့်လှစ်ထားရှိရမည်ဖြစ်ပြီး အလုပ်သမားအဖွဲ့အစည်းသည် ယင်းတို့၏ အဖွဲ့ဝင် အင်အားစာရင်း၊ အဖွဲ့ပိုင်ပစ္စည်းစာရင်းနှင့် ငွေစာရင်းကို နှစ်စဉ်ပုံမှန်စစ်ဆေးရာတွင် စာရင်းစစ်ဆေးပိုင်ခွင့်ရှိသော အသိအမှတ်ပြု လက်မှတ်ရပုဂ္ဂိုလ် သို့မဟုတ် ယင်းပုဂ္ဂိုလ်များ ပါဝင်သောအဖွဲ့ဖြင့် စစ်ဆေးရမည်ဖြစ်ကြောင်း၊ အလုပ်သမား အဖွဲ့အစည်း များနှင့် အလုပ်အမှုဆောင်အဖွဲ့တို့၏ အစည်းအဝေးများကို စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနအတွင်း ပြုလုပ်လိုပါက အလုပ်ရှင်၏ ခွင့်ပြုချက် ရယူရမည်ဖြစ်သကဲ့သို့ အလုပ်တာဝန်၏ ပြင်ပအချိန်များ၌ ကျင်းပနိုင်သကဲ့သို့ အလုပ်ရှင်၏ သဘောတူညီချက်အရ အဆိုပါ အစည်းအဝေးများကို အလုပ်ချိန်အတွင်း၌လည်း ကျင်းပနိုင်ကြောင်း၊ ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့် အလုပ်သမားအဖွဲ့အစည်းနည်းဥပဒေများကို ကောင်းစွာ သိရှိလိုက်နာဆောင်ရွက်ရန်နှင့် အသိပညာဆွေးနွေးပွဲများ ကျင်းပလိုပါက ဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း မှာကြားခဲ့သည်။
နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံ များဖြစ်သည့် SUNTIME JCK Co.,Ltd နှင့် Myanmar Bestfortune Garnment Co.,Ltd၊ Hermite Co.,Ltd အရုပ်စက်ရုံသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ရာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် စက်ရုံ အလုပ်သမား အဖွဲ့အစည်း ဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးတာဝန်ခံများက လုပ်ငန်းခွင်အခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယ ဝန်ကြီးက အလုပ်သမား ရေးရာဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ လုပ်သားများ၏ သက်သာချောင်ချိရေးနှင့် လူမှုကာကွယ် စောင့်ရှောက် ရေး အတွက် အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် နားလည်ယုံကြည်မှု၊ စေတနာပါမှုတို့ဖြင့် ဆောင်ရွက်ပေးရန်၊ ကုန်ထုတ် စွမ်းအား တိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်မှုသည် စက်ရုံ ၏ ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်သဖြင့် အလုပ်ရှင်၊ အလုပ်သမား များက အလေးထားဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့သည်ဟု သတင်းရရှိသည်။
