ရန်ကုန် ဒီဇင်ဘာ ၁၇
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်ရှိ အမျိုးသား လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေး ကော်မတီ(WCC)အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်း တက်ရောက်၍ အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲများနှင့်တာဝန်ရှိသူများ၊ သင်တန်း နည်းပြများနှင့် အလုပ် သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဒုတိယဝန်ကြီးက WCC အဖွဲ့ဝင်များအတွက် စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ရခြင်းမှာ အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC) ကို အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖွဲ့စည်း နိုင်ရန်၊ WCC အားကောင်း၍ WCC အဖွဲ့ဝင် များ စွမ်းဆောင်ရည် မြင့်မားလာစေရန်၊ အလုပ်ရှင်၏ အကျိုးစီးပွားကို မထိခိုက်စေဘဲ အလုပ် သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန်၊ အငြင်းပွားမှုများကို တည်ဆဲအလုပ် သမားရေးရာ ဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်ရန်နှင့် အငြင်းပွားမှုများကို WCC တွင် ကနဦး ဖြေရှင်းပြီး WCC တွင် ပြေလည်မှု မရရှိမှသာ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ လွှဲပြောင်းပေးပို့ရန်၊ အငြင်းပွားမှု ဖြေရှင်းရေးယန္တရားတွင် WCC၏ အခန်းကဏ္ဍမှာ များစွာ အရေးပါခြင်းကြောင့် အဖွဲ့ဝင်များအနေဖြင့် အလုပ်သမားရေးရာဥပဒေများကို ကောင်းစွာ သိရှိ နားလည်မှ အငြင်းပွားမှုများကို ထိရောက်စွာဖြေရှင်းနိုင်မည်ဖြစ်၍ လုပ်ငန်းခွင် တည်ငြိမ် အေးချမ်း၍ ကုန်ထုတ်စွမ်းအား မြင့်မားစေရေးအတွက် များစွာအထောက်အကူဖြစ်စေကြောင်း၊
စက်ရုံ၊ အလုပ်ရုံများ ထူထောင်လာသည်နှင့်အမျှ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ မလွဲမသွေရှိလာမည်ဖြစ်၍ အလုပ်ရှင်နှင့် အလုပ်သမားတို့သည် လုပ်ငန်းခွင်အတွင်း ဖြစ်ပွား သော မည်သည့်ကိစ္စရပ်များမဆို စက်ရုံရှိ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ WCC ၌ ဆွေးနွေးညှိနှိုင်းပြီး ပြေလည်မှုရရှိသည့် အငြင်းပွားမှုများကို စုပေါင်းသဘောတူညီချက် ချုပ်ဆို၍ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ မိတ္တူပေးပို့ရန်နှင့် မပြေလည်သည့်ကိစ္စရပ်များကို ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့သို့ တိုင်ကြားရမည်ဖြစ်ကြောင်း၊ WCCတွင် ပြေလည်မှုမရရှိသည့် အငြင်းပွားမှု များအနက် အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုဖြစ်ပါက သက်ဆိုင်ရာဌာနဦးစီးဌာနများက တာဝန်ခံ ဖြေရှင်းပြီး အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုဖြစ်ပါက အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပါဝင်သော အငြင်းပွားမှု ဖြေရှင်းရေးယန္တရားဖြင့် ညှိနှိုင်းဖြေရှင်းရမည်ဖြစ်ကြောင်း၊
WCC အဖွဲ့ဝင်များ အရည်အချင်းပြည့်ဝစေရန် ဝန်ကြီးဌာနရှိ ဦးစီးဌာနအလိုက် တာဝန်ခံ အရာရှိများက သင်ကြား ပို့ချပေးမည်ဖြစ်ပြီး ခုံသမာဓိကောင်စီဝင်များနှင့် ခုံသမာဓိအဖွဲ့ဝင်များ က အငြင်းပွားမှု ဖြေရှင်းရာတွင် ကြုံတွေ့ရသည့် အားသာချက်၊ အားနည်းချက်များကို သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း၊ WCC တွင် ဆွေးနွေးညှိနှိုင်းမှု အားကောင်း သည်နှင့်အမျှ အလုပ်ရှင်၊ အလုပ်သမားများအကြား ဆက်ဆံရေးပိုမို ကောင်းမွန်စေပြီး လုပ်ငန်းခွင်မပျက် ဆွေးနွေးညှိနှိုင်း အဖြေရှာ၍ ကောင်းမွန်သော လုပ်ငန်းခွင်ဆက်ဆံရေး တည်ထောင်နိုင်မည်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။
နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးသည် အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ကမာရွတ်မြို့နယ်ရှိ M Hospitality & Tourism Institute သို့ သွားရောက်၍ ဟိုတယ်နှင့်အစား အသောက်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
သင်တန်းကျောင်းတာဝန်ခံက သင်တန်းကျောင်းကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင် ၍ ဟိုတယ်ဝန်ဆောင်မှု စီမံခန့်ခွဲရေးဆိုင်ရာဒီပလိုမာသင်တန်း၊ နိုင်ငံတကာအစားအစာချက် ပြုတ်ပြင်ဆင်နည်းသင်တန်း၊ ပေါင်မုန့်၊ ကိတ်မုန့် မျိုးစုံပြုလုပ်နည်း သင်တန်း၊ Cocktail & Mocktail ဖျော်စပ်နည်းသင်တန်း၊ ဟိုတယ်နှင့် စီးပွားရေးသုံးအင်္ဂလိပ်စာ သင်တန်း၊ ကော်ဖီမျိုးစုံ ပြင်ဆင်ပြုလုပ်နည်းသင်တန်း၊ အစားအသောက်ဝန်ဆောင်မှုသင်တန်း၊ ဟိုတယ်ဧည့်ကြို သင်တန်းနှင့် အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်းများကို ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်မှစတင်၍ ဟိုတယ်စားပွဲထိုးဝန်ဆောင်မှုသင်တန်းနှင့် အိပ်ခန်းဆောင် ထိန်းသိမ်းရေး သင်တန်းများအတွက် မြန်မာနိုင်ငံလုပ်သား များကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA) အသိအမှတ်ပြုသင်တန်းကျောင်းနှင့် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာနအဖြစ် အသိအမှတ် ပြုလက်မှတ်များရရှိထားပြီးဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ယနေ့ထိ သင်တန်းသား (၃၀၀) ဦးခန့် မွေးထုတ်ပေးခဲ့ပြီး ၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် သင်တန်းသား (၂၀၀) ဦး ဖွင့်လှစ်ပို့ချ၍ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနယ်ပယ်တွင် အလုပ်အကိုင်အခွင့်အလမ်း ပိုမို ကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်အကိုင် ဖန်တီးပေးရေးနှင့် လူ့စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေး နိုင်ရေး၊ ကျွမ်းကျင်လုပ်သားများကို ကျွမ်းကျင်မှု အဆင့်နှင့်ညီသော ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ရရှိရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်း ကျောင်း များမှ မွေးထုတ် ပေးသည့် သင်တန်းဆင်းများ၏ ကျွမ်းကျင်မှုများ တပြေးညီဖြစ်စေရေး NSSA မှ ရေးဆွဲထားသော ကျွမ်းကျင်မှုစံများနှင့်အညီ လေ့ကျင့်သင်ကြားပေးနိုင်ရန် NSSA အသိအမှတ်ပြု သင်တန်း ကျောင်း မှတ်ပုံတင် လက်မှတ် ထုတ်ပေးခြင်းဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်အခွင့် အလမ်းများ အားကောင်းစေရေးအတွက် အစိုးရ နှင့် ပုဂ္ဂလိက သင်တန်းကျောင်းများ ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ M Hospitality & Tourism Institute သင်တန်း ကျောင်းအနေဖြင့် ဟိုတယ်စားပွဲထိုးဝန်ဆောင်မှုသင်တန်းနှင့် အိပ်ခန်းဆောင် ထိန်းသိမ်းရေး သင်တန်းအမျိုး အစားများ အပြင် အလုပ်အကိုင်အခွင့်အလမ်းများသော အခြားဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမျိုးအစားများကို တိုးချဲ့ဖွင့်လှစ် နိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် သင်တန်းဆင်းများ အား အရည်အသွေးအာမခံချက်ရှိစေရေးအတွက် NSSA အသိအမှတ်ပြု ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ရေးဌာနများတွင် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခံယူနိုင်ရေး ဆောင်ရွက် ပေးရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
