အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                    ဒီဇင်ဘာ ၁၆       

          အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ အမျိုးသား လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဝင်များအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားသို့  ဌာနဆိုင်ရာ အကြီးအကဲများနှင့်တာဝန်ရှိသူများ၊  သင်တန်း နည်းပြများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် သင်တန်းသူ၊ သင်တန်းသားများ တက်ရောက် ကြသည်။

          ဒုတိယဝန်ကြီးက လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှု စနစ် ပေါ်ပေါက်လာစေရန်နှင့် အလုပ်ရှင်၊ အလုပ်သမားများ ပူးပေါင်းဆောင်ရွက်မှု အားကောင်း စေရန် ရည်ရွယ်၍ အလုပ်သမား (၅၀) ဦးနှင့်အထက်ရှိ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် ဘေးအန္တ ရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး  ကော်မတီများ ဖွဲ့စည်းနိုင်ရေးအတွက် အလုပ်ရုံနှင့် အလုပ် သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ၂၀၁၁ ခုနှစ်မှစ၍ စည်းရုံးဆောင်ရွက် ခဲ့ကြောင်း၊  လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာဥပဒေ (၂၀၁၉) အရ အလုပ်သမား (၅၀) ဦး နှင့်အထက်ရှိသော စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးကော်မတီဖွဲ့စည်းခြင်းကိုစည်းရုံးဆောင်ရွက်ခဲ့ရာ ယနေ့ထိ စက်ရုံ၊အလုပ်ရုံ ၂၁၀၀ ကျော်တွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကော်မတီ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် အများစု  ဖွဲ့စည်းနိုင်ခဲ့ပြီး အလုပ်သမား (၅၀) ဦးအောက်ရှိသည့် စက်ရုံ၊ အလုပ်ရုံများတွင်လည်း မိမိဆန္ဒအလျောက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက် နေကြောင်း၊ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေနှင့် လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေအရ  “အလုပ်ရှင်သည် မိမိကိုယ်တိုင် အပါအဝင် သက်ဆိုင်ရာ လုပ်ငန်းအမျိုးအစား သို့မဟုတ် ဌာနအလိုက် စီမံခန့်ခွဲသူများ၊ အလုပ်သမားများ၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဝင်များကို ဝန်ကြီးဌာနက သတ်မှတ် ထားသည့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သင်တန်းများ တက်ရောက် စေရမည်”ဟု ပြဋ္ဌာန်းချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာသင်တန်းကို လုပ်ငန်းခွင် ထိခိုက်မှုများနှင့် လုပ်ငန်းခွင်ဆိုင်ရာ ရောဂါရရှိ ခံစားရမှုများ လျော့နည်းကျဆင်းစေရန်၊ လုပ်ငန်းခွင်ရှိ ဘေးအန္တရာယ် များအားရှာဖွေဖော်ထုတ်ခြင်းနှင့် ဘေးအန္တရာယ် ကျရောက်နိုင်မှုကို ဆန်းစစ် အကဲဖြတ်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ စီမံဆောင်ရွက်နိုင်ရန်၊ လုပ်ငန်းခွင် ဘေးအန္တ ရာယ်ကင်း ရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာအသိအမြင်များ တိုးတက်လာပြီး အလုပ်သမားများအတွက် ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လုပ်ငန်းခွင်များ ဖန်တီး ပေးရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကော်မတီများ၏ စွမ်းဆောင် ရည်များ တိုးတက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊

သင်တန်းတွင် လုပ်ငန်းခွင်အန္တရာယ်နှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး၊ လုပ်ငန်း ခွင်အတွင်း လျှပ်စစ်အန္တရာယ်နှင့် လုပ်ငန်းခွင်သုံးဘွိုင်လာများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ဓါတုပစ္စည်းနှင့်ဆက်စပ် ပစ္စည်းများအန္တရာယ်မှ တားဆီး ကာကွယ်ရေး၊ လုပ်ငန်းခွင် ကျန်းမာရေး ဆိုင်ရာ အခြေခံသဘောတရားဘာသာရပ်များကို သင်ကြား ပို့ချပေးမည်ဖြစ် ကြောင်း၊

          သင်တန်းသား ကော်မတီဝင်များအနေဖြင့် ဘာသာရပ်ဆိုင်ရာ အသိအမြင်များ တိုးတက် လာပြီး လုပ်ငန်းခွင်အတွင်း ထိရောက် ကောင်းမွန်သည့် အန္တရာယ်ထိန်းချုပ်ရေး နည်းလမ်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း၊ လုပ်ငန်းခွင်ရှိ အလုပ်သမားများထံသို့ အသိအမြင်များ ဖြန့်ဝေနိုင်ခြင်း၊ ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်း လာနိုင်ခြင်းတို့ ကြောင့် သင်ခန်း စာများကို အလေးထား မှတ်သားသင်ယူရန်နှင့် သင်တန်းဆင်းပြီးနောက် လုပ်ငန်းခွင်အတွင်း အကျိုးရှိစွာ အသုံးချစေလိုကြောင်း မှာကြားခဲ့သည်။

နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးသည် တိုင်းဒေသကြီး အလုပ်သမားရေးရာ တာဝန်ရှိသူ များ လိုက်ပါ၍ ဗဟန်းမြို့နယ်ရှိ YGE Training Center တွင် ဟိုတယ်နှင့်အစားအသောက် ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှု အားပေးခဲ့သည်။

          သင်တန်းကျောင်းတာဝန်ခံက သင်တန်းကျောင်းကို ၂၀၁၉ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ပြီး အခြေခံ သင်တန်း များအဖြစ် ဧည့်ကြိုဝန်ဆောင်မှု၊ အစားအသောက်ဝန်ဆောင်မှု၊ သန့်ရှင်း ထိန်းသိမ်းခြင်းဝန်ဆောင်မှု၊ အစားအစာ ပြင်ဆင် ခြင်း နှင့် ချက်ပြုတ်ခြင်းသင်တန်းနှင့် အဖျော် ယမကာဝန်ဆောင်မှုသင်တန်းများကို ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း၊ ဟိုတယ် နှင့်စားသောက်ဆိုင် များအတွက် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်းများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်း၊ အင်္ဂလိပ်စကားပြောနှင့် တရုတ်ဘာသာစကားသင်တန်းများပါ ပို့ချ ပေးနေကြောင်း၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဟိုတယ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပ၍ သင်တန်းများဖွင့်လှစ်ခဲ့ကြောင်း၊ သင်တန်းကျောင်း စတင် တည်ထောင် ချိန်မှစ၍ အခြေခံကျွမ်းကျင်မှုသင်တန်း (၅) မျိုးတွင် သင်တန်းသား (၃၀၀၀) ဦး မွေးထုတ်ပေးခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် သင်တန်းသား (၅၀၀) ဦး မွေးထုတ်ပေးရန် လျာထားကြောင်း၊ သင်တန်း ကျောင်းကို မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အသိ အမှတ်ပြုသင်တန်းကျောင်းနှင့် စစ်ဆေးအကဲဖြတ်ရေးဌာန များ အဖြစ် ပူးပေါင်းဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်နေကြောင်း ရှင်းလင်းတင်ပြပါသည်။

          ဒုတိယဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက် စေရေးနှင့်လူငယ်လူရွယ်များ၏ ဘဝရပ်တည်ချက် ခိုင်မာတိုးတက်စေရေး အသက်မွေးဝမ်းကျောင်း သင်တန်းများကို တိုးမြှင့်ဖွင့်လှစ်ရန် အလေးထား ဆောင်ရွက်နေပြီး NSSA မှတ်ပုံတင်ထားသည့် သင်တန်းကျောင်း (၂၀)ရှိကြောင်း၊  ဒေသတွင်းသာမက နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လုပ်သားထုတစ်ရပ် ပေါ်ထွန်းလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ နိုင်ငံနှင့်လူမျိုး အပေါ် သစ္စာစောင့်သိ၍ စည်းကမ်းကောင်းမွန်ပြီး စွမ်းရည်ပြည့်ဝသည့် သင်တန်းသားများ မွေးထုတ်ပေးနိုင်ရေး  ကြိုးပမ်း ဆောင်ရွက်ရန်၊  ပွင့်လင်းရာသီဖြစ်၍ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားသား ခရီးသွားများ လာရောက် တည်းခိုလျက် ရှိရာ ဟိုတယ်အသီးသီးရှိ လုပ်သားများအနေဖြင့် မိမိတို့၏ ကျွမ်းကျင်မှုများဖြင့် အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ရေး သင်တန်း သားများကို သင်ကြားပြသပေးရန်  တိုက်တွန်းမှာကြားပြီး သင်တန်းကျောင်းတွင် ဟိုတယ်လုပ်ငန်း ဆိုင်ရာ သင်တန်းများ စာတွေ့/ လက်တွေ့ ပို့ချနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။