အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                         မတ် ၂၀

       အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကင်း မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားသို့ သက်ဆိုင်ရာ တာဝန်ရှိသူများအပါအဝင် စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ခဲ့ ကြသည်။

ဒုတိယဝန်ကြီးက NSSA သည် ၂၀၁၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း  အလုပ်အကိုင်အမျိုးအစား (၇၁) မျိုးအတွက် ကျွမ်းကျင်မှုစံအဆင့်အလိုက် (၁၀၄) မျိုးအား အတည် ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန (၃၀၅) ခု၊ စစ်ဆေးအကဲဖြတ်သူ (၉၂၁) ဦး၊ စစ်ဆေးရေးမှူး (၁၃၅) ဦး၊ အလုပ်အကိုင် (၄၂) မျိုးတွင် ဖြေဆိုသူ (၃၄,၂၇၆) ဦး ဖြေဆိုခဲ့မှု အနက်(၃၁,၇၃၃)ဦးကို ကျွမ်းကျင်လုပ်သားများအဖြစ် အသိအမှတ်ပြုနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ အခမ်းအနားတွင်ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့မှအလုပ်အကိုင် (၇) မျိုးအတွက် ကျွမ်းကျင်လုပ်သား (၃၀၀) ဦးတို့ကို အမျိုးသား အဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များပေးအပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အလုပ်သမားဝန်ကြီးဌာနဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ် နှင့် ကိုယ်စားလှယ်များက အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည်လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အနော်ရထာစက်မှုဇုန်ရှိ   အထည်ချုပ်စက်ရုံများအား သွားရောက်စစ်ဆေးခဲ့ပြီး အလုပ်သမား အဖွဲ့အစည်းဝင်များ၊အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့ဝင်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာတာဝန်ခံများမှ လုပ်ငန်းခွင်အခြေ အနေများ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များလမ်းညွှန်မှာကြား၍ စက်ရုံအတွင်း  လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။