အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                          နိုဝင်ဘာ ၅

          အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ကမာရွတ်မြို့နယ်ရှိ National Management Academy တွင် ဟိုတယ်လုပ်ငန်းဆိုင်ရာ အသက်မွေးပညာသင်တန်းများ ဖွင့်လှစ် ပို့ချနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

          သင်တန်းကျောင်းတာဝန်ခံက National Management Academy ကို ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်၍ ဟိုတယ်လုပ်ငန်းနှင့် အစားအသောက်လုပ်ငန်း ဝန်ဆောင်မှုဆိုင်ရာ အတတ် ပညာရပ်များကို အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် ဒီပလိုမာသင်တန်းများအဖြစ် ဖွင့်လှစ် ပို့ချပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မတ်လမှ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအထိ သင်တန်းသား (၁၅၉) ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး သင်တန်းပြီးဆုံးသူများကို ပြည်တွင်း/ပြည်ပရှိ ဟိုတယ်များ၊ လုပ်ငန်းရှင် များ၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

          ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနသည် လူငယ်လူရွယ်များ အလုပ်အကိုင် တိုးတက်ရရှိရေး နှင့် မြန်မာလုပ်သားထု၏ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ  ဖွင့်လှစ်ပို့ချပေးခြင်း၊ ပုဂ္ဂလိကသင်တန်းကျောင်း များအား ကျွမ်းကျင်မှုသင်တန်းကျောင်းအဖြစ် အသိအမှတ်ပြုပေး၍ ကြီးကြပ် လမ်းညွှန်ခြင်း၊ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ ကျင်းပ၍ အလုပ်အကိုင်ရရှိမှု မြှင့်တင်ဆောင် ရွက်ခြင်း၊ သင်တန်းကျောင်းအနေဖြင့် သင်တန်းဆင်းများ၏ အလုပ်အကိုင်တိုးတက်ရရှိစေရေး ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ တိုင်းပြည်နှင့် လူမျိုးအပေါ် သစ္စာရှိသော၊ စိတ်ဓာတ် ကောင်းမွန်၍ စည်းကမ်းလိုက်နာသော၊ စွမ်းဆောင်ရည်ပြည့်ဝသော ပညာတတ်လူငယ်များ ဖြစ်လာစေရေး အလေးထား သင်ကြားပို့ချဆောင်ရွက်ရန် လမ်းညွှန်မှာကြား၍ သင်တန်းဖွင့်လှစ် ပို့ချနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

          နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင် စက်မှုဇုန်ရှိ EO အထည်ချုပ်စက်ရုံ၊ New Green Land အထည်ချုပ်စက်ရုံနှင့် Myanmar C.P Livestock Co., Ltd အစာစပ်စက်ရုံတို့အား သွားရောက်၍ စက်ရုံရှိတာဝန်ခံများ၊ အလုပ်သမား အဖွဲ့အစည်းဝင်များ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာတာဝန်ခံများနှင့် တွေ့ဆုံ၍ လုပ်ငန်းခွင်အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြား၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်