ရန်ကုန် မတ် ၁၇
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ် သမားရေးရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့ နယ်ရှိ Kabar Training Center သို့ သွားရောက်၍ ပိုက်ဆက်နှင့် ကျောက်ပုံးရိုက်သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
သင်တန်းကျောင်းတာဝန်ခံက သင်တန်းကျောင်းကို ၂၀၀၈ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ပြီး ဂဟေဆက်၊ ပိုက်ဆက်နှင့် ကျောက်ပုံးရိုက်သင်တန်းတို့အား စင်ကာပူနိုင်ငံနှင့် မလေးရှား နိုင်ငံများသို့ သွားရောက်လုပ်ကိုင်လိုသူများအတွက် စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးနေကြောင်း၊ ဂဟေဆက်၊ ပိုက်ဆက်နှင့် ကျောက်ပုံးရိုက်သင်တန်းအတွက် ဦးစီးဌာနအသိအမှတ်ပြုသင်တန်း ကျောင်းအဖြစ် သက်တမ်း (၂) နှစ်ရရှိထားပြီး ယခုအခါ အုတ်စီနှင့် သံချည်သံကွေးသင်တန်းများ အတွက် NSSA အသိအမှတ်ပြုသင်တန်းကျောင်းနှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန အဖြစ် လျှောက်ထားကြောင်း၊ သင်တန်းစတင်ဖွင့်လှစ်ချိန်မှ ယနေ့ထိ သင်တန်းသား (၅၃၄၉) ဦး ခန့် မွေးထုတ်နိုင်ခဲ့ပြီး လာမည့်ဘဏ္ဍာရေးနှစ်တွင် သင်တန်းသား (၁၂၀) ဦး မွေးထုတ်ပေးနိုင်ရေး လျာထားကြောင်း၊ သင်တန်းဆင်းများအတွက် ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်ရရှိရေးများစွာ အထောက်အကူဖြစ်စေကြောင်း ရှင်းလင်းတင်ပြပါသည်။
ဒုတိယဝန်ကြီးက Kabar Training Center တွင် သင်ကြားပို့ချနေသည့် ပိုက်ဆက်နှင့် ကျောက်ပုံးရိုက်သင်တန်းများသည် ကျွမ်းကျင်လုပ်သား အမှန်တကယ်လိုအပ်နေသည့် လုပ်ငန်း များအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိရေး များစွာအထောက်အကူပြုသည့် သင်တန်းများ ဖြစ်၍ သင်တန်းသားများအနေဖြင့် အရည်အသွေးပြည့်ဝသည့် ကျွမ်းကျင်လုပ်သားများဖြစ်စေရန် အလေးထားသင်ယူပြီး သင်တန်းကျောင်းအနေဖြင့် သင်တန်းဆင်းများကို မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အသိအမှတ်ပြု အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ရယူနိုင်ရေး ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ခံယူရန် ဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် မှာကြားခဲ့ပါသည်။

