အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                    ဖေဖော်ဝါရီ ၂၁

အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာ မြို့နယ်၊ ‌ရွှေလင်ပန်းစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများဖြစ်သည့် Handa Yangon Garment Co ., Ltd ၊ Sinoproud Myanmar Garment Co ., Ltd နှင့် Tianjin Fashion Milestone Co ., Ltd များမှ အလုပ်ရှင်၊ မန်နေဂျာ၊ အခြေခံအလုပ်သမား အဖွဲ့အစည်းဝင်များနှင့် တွေ့ဆုံ၍ စက်ရုံ၊ အလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်ရေး၊ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ အလုပ်သမားအဖွဲ့အစည်းဝင်များနှင့် အလုပ်ရှင်များ ပူးပေါင်းဆောင်ရွက်ရေး၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ရရှိခံစားနိုင်ရေး တွေ့ဆုံ မှာကြားခဲ့သည်။

ဒုတိယဝန်ကြီးက ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ဦးစီးဌာနမှ ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်နှင့်အလုပ်သမားတို့ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုလုပ်ကိုင်ရန်နှင့် အလုပ်သမားရေးရာ ဥပဒေများနှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊  

၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်အညီ အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းနိုင်ရေး ဦးစီးဌာနမှ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အခြေခံအလုပ်သမား အဖွဲ့အစည်းမှ မြို့နယ်အလုပ်သမားအဖွဲ့အစည်း၊ တိုင်းဒေသကြီးအဆင့် အလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမား အဖွဲ့ချုပ်၊ အလုပ်သမားရေးရာအဖွဲ့တို့ကို အလုပ်သမားများ၏ ဆန္ဒသဘောထားအရ အဆင့်ဆင့် တည်ထောင်ဖွဲ့စည်းနိုင်ကြောင်း၊ အလုပ်သမားအဖွဲ့အစည်းများကို ဖွဲ့စည်းရာတွင် အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်သမားအချင်းချင်း အကြား၊ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဆက်ဆံရေးကောင်းမွန်စေရန်၊ စနစ်တကျနှင့် လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ကြောင်း၊  အလုပ်သမားအဖွဲ့အစည်းအဆင့်ဆင့်ဖွဲ့စည်းဆောင် ရွက်ရန် မြို့နယ်မှတ်ပုံတင် အရာရှိမှတစ်ဆင့် မှတ်ပုံတင်အရာရှိချုပ်ထံ သတ်မှတ်ချက်နှင့်အညီ တင်ပြ ဆောင်ရွက်ရမည်ဖြစ်ပြီး၊ အလုပ်သမားအဖွဲ့အစည်း၏ အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် လုပ်ငန်းတာဝန်များကို ကောင်းစွာသိရှိလိုက်နာရန်လိုအပ်ကြောင်း၊ အလုပ်အမှုဆောင်အဖွဲ့သည် အလုပ်သမားများကို ကိုယ်စားပြုရန်နှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေးကို အထောက်အကူ ပြုသည့် အရည်အချင်းမြင့် လုပ်သားများပေါ်ပေါက်စေရေးအတွက် လုပ်ငန်းခွင်သင်တန်းများနှင့် ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ရန်လိုပြီး အလုပ်သမားဥပဒေပါ အခွင့်အရေးများကို ရရှိခံစား နိုင်ရေး အလုပ်ရှင်နှင့် ညှိနှိုင်းဖြေရှင်းခွင့်ရှိပြီး သဘောတူညီချက်မရရှိခဲ့လျှင် သက်ဆိုင်ရာ ဥပဒေနှင့် အညီ အလုပ်ရှင်ထံ တောင်းဆိုခွင့်ရှိကြောင်း  ရှင်းလင်းပြောကြားခဲ့သည်။

နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်ရှိ အထည်ချုပ်စက်ရုံများ ဖြစ်သော THY Garment Co., Ltd နှင့် Musung Garment Co., Ltd တို့သို့ သွားရောက်၍ အလုပ်ရှင်၊ အလုပ်သမားများအား တွေ့ဆုံအားပေးခဲ့သည်။

စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများ၊ စက်ရုံအလုပ်သမားအဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးတာဝန်ခံများက လုပ်ငန်းခွင်အခြေအနေများကို ရှင်းလင်း တင်ပြမှုအပေါ် စက်ရုံအလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများအနေဖြင့် အလုပ် သမားရေးရာဥပဒေများနှင့်အညီ သက်ဆိုင်ရာဌာနများ၏ စည်းကြပ်ဆောင်ရွက်ပေးမှုများကို အလေးထားလိုက်နာရန်၊ အလုပ်ရှင်၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် လုပ်သားများအားလုံး လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ပူးပေါင်း ဆောင်ရွက်ရန်၊ အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန်စေတနာထားပြီး ယုံကြည်မှုရှိခြင်းဖြင့် လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စေပြီး စက်ရုံ၏ကုန်ထုတ်လုပ်မှုကိုမြှင့်တင်ပေးနိုင်ကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားများအနေဖြင့် ရှောင်ရန်၊ ဆောင်ရန်အချက်များကို သိရှိလိုက်နာ ဆောင်ရွက်ရန်နှင့် စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍လုပ်သားများအား ရင်းရင်းနှီးနှီးတွေ့ဆုံအား ပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။