ရန်ကုန် ဖေဖော်ဝါရီ ၆
မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသား အဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း) ၌ ကျင်းပခဲ့ရာ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အလုပ်သမားရေးရာဌာနများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ရေးနှင့်အသိအမှတ်ပြုရေးကော်မတီ(ACC)နှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု လေ့ကျင့်ရေးကော်မတီဝင်များ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံ များ၊ စစ်ဆေးရေးမှူးများနှင့် စစ်ဆေးအကဲဖြတ်သူများ၊ UMFCCI၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ မြန်မာ နိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း(ရန်ကုန်ဇုန်)တို့မှ တာဝန်ရှိသူများ၊ NSSA အသိအမှတ်ပြုလက်မှတ်ရယူမည့် ကျွမ်းကျင် လုပ်သားများ စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ၂၀၁၄ ခုနှစ်မှ ကျွမ်းကျင်လုပ်သားများကို NSSA အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခဲ့ရာ ယနေ့ထိ (၃၉) ကြိမ်ရှိပြီဖြစ်ကြောင်း၊ ယနေ့ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့မှ အလုပ်အကိုင် (၈) မျိုးအတွက် ကျွမ်းကျင် လုပ်သား (၂၆၂) ဦး၊ အလုပ်အကိုင် (၁၆) မျိုးအတွက် စစ်ဆေးအကဲဖြတ်ရေးဌာန (၂၁) ခုနှင့် အလုပ်အကိုင် (၃) မျိုးအတွက် စစ်ဆေးအကဲဖြတ်သူ (၉) ဦးတို့ကို အမျိုးသားအဆင့် အလုပ် အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်မည်ဖြစ်ကြောင်း၊
NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထိ (၃၀,၇၈၄) ဦးကို စစ်ဆေးအကဲဖြတ်ခဲ့ရာ ဖြေဆိုအောင်မြင်သူ (၂၈,၃၂၈) ဦးရှိ၍ ယနေ့အထိ (၂၇,၅၅၃) ဦးကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် ကျွမ်းကျင်လုပ်သားများကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်များ ပေးအပ်နိုင်ရေး စီမံဆောင်ရွက်ထားကြောင်း၊
အလုပ်သမားဝန်ကြီးဌာနမှ ဦးဆောင်၍ NSSA လုပ်ငန်းစဉ်ကို ဆက်စပ်ဝန်ကြီး ဌာနများ၊ ပြင်ပကျွမ်းကျင်ပညာရှင်များ၊ အလုပ်ရှင်များဖြင့် အသိပညာပေးဆွေးနွေးခြင်း၊ လုပ်ငန်းခွင် သင်တန်းများပို့ချခြင်း၊ Assessor၊ Chief Assessor များ မွေးထုတ်၍ အမျိုးသားအဆင့် အလုပ် အကိုင်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ အထူးသဖြင့် လုပ်သားများ၏ လူနေမှုဘဝ အဆင့်မြင့်မားလာစေရေးအတွက် အလေးထားဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်းဖြင့် ကာယကံရှင်၊ အလုပ်ရှင်၊ အလုပ်ဌာနနှင့် နိုင်ငံတော်အတွက် များစွာအထောက်အပံ့ဖြစ်စေပြီး ကျွမ်းကျင်လုပ်သားများသည် ကုန်ထုတ်စွမ်းအား တိုးမြှင့်ရေးအတွက် အဓိကမောင်းနှင်အား ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဆက်စပ်ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ အလေးထား ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမှုကို ဝန်ကြီးဌာနအနေဖြင့် အသိအမှတ်ပြုပါ ကြောင်းနှင့် အသိအမှတ်ပြုလက်မှတ်ရ ကျွမ်းကျင်လုပ်သားများအနေဖြင့် မိမိစွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေး စဉ်ဆက်မပြတ်လေ့လာသင်ယူရန် တိုက်တွန်းပါကြောင်း မှာကြား၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များနှင့်ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန အသိအမှတ် ပြုလက်မှတ်များ ကို ကာယကံရှင်များထံ ပေးအပ်ခဲ့သည်။
နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ ဦးစီး ဌာနများမှ တာဝန်ခံများ လိုက်ပါ၍ ဒဂုံမြို့သစ်(တောင်ပိုင်း) စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများ ဖြစ်သည့် MAO FENG Garnments Co.,Ltd ၊ HUAFA (Myanmar) Garnment Co.,Ltd နှင့် Myanmar Dongtai Co.,Ltd စက်ရုံများသို့ သွားရောက်၍ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူ စာချုပ်(EC) စာချုပ်ချုပ်ဆိုရေး၊ အလုပ်သမားများ၏ လုပ်ခလစာကို သတ်မှတ်ရက်အတွင်း ထုတ်ပေးရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ၊ စက်ရုံအလုပ် သမားအဖွဲ့အစည်းနှင့် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)တို့ ပူးပေါင်း ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်များတွင်ကြုံတွေ့နေရသည့် အခက်အခဲများရှိပါက အလုပ်ရှင်၊ အလုပ် သမား အပြန်အလှန် လေးစားယုံကြည်မှုဖြင့် ညှိနှိုင်းဖြေရှင်းရေး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်ငန်းခွင်အေးချမ်းသာယာ၍ ကုန်ထုတ်စွမ်းအား တိုးတက်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
စက်ရုံတာဝန်ခံနှင့် မန်နေဂျာ၊ အလုပ်သမားအဖွဲ့အစည်းဝင်များ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး အဖွဲ့ဝင်များက လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် အလုပ်ရှင် နှင့်အလုပ်သမားတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လိုအပ်ပါက မြို့နယ်အလုပ်သမားရေးရာ တာဝန်ခံများနှင့် ဆက်သွယ်ဆောင်ရွက်ပါကြောင်း တင်ပြဆွေးနွေးခဲ့ရာ ဒုတိယဝန်ကြီးက အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုကို အလေးထားဆောင်ရွက်ရန်၊ လုပ်သား များအနေဖြင့် လုပ်ငန်းခွင်အတွင်း ကျန်းမာပျော်ရွှင်စွာ လုပ်ကိုင်နိုင်ခြင်းဖြင့် ကုန်ထုတ်စွမ်းအား တိုးတက်စေပြီး နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးပြုနိုင်ကြောင်း၊ အလုပ်ရှင်၊ မန်နေဂျာ၊ ကြီးကြပ် ရေးမှူးများနှင့် အလုပ်သမားတို့ လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်ခြင်းဖြင့် လုပ်ငန်းခွင် တည်ငြိမ်အေးချမ်း၍ ကုန်ထုတ်စွမ်းအားတိုးတက်စေနိုင်သဖြင့် စဉ်ဆက်မပြတ်ပူးပေါင်း ဆောင်ရွက် ရန်နှင့် အလုပ်ရှင်နှင့် အလုပ်သမားများအနေဖြင့် ရှောင်ရန်၊ ဆောင်ရန်အချက်များကို သိရှိလိုက်နာ ဆောင်ရွက်ရန် မှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများအား ရင်းရင်းနှီးနှီး အားပေးခဲ့ကြောင်း သိရသည်။