အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                          ဇူလိုင် ၁၄ ။

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ၈ မိုင်၊ ပြည်လမ်းမပေါ်ရှိ လူမှုဖူလုံရေး-သမားတော်အထွေထွေ ရောဂါကုဆေးခန်း ဖွင့်ပွဲအခမ်းအနားသို့ တိုင်းရင်းသား ရေးရာဝန်ကြီး ဉီးစောဂျက်ကော့ထူး၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာ တာဝန်ရှိ သူများ၊ အကျုံးဝင်အလုပ်ဌာနများမှ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ သမားတော် ဆေးခန်းမှ တာဝန်ရှိသူများနှင့်  တက်ရောက်၍ တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဆေးခန်းအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် Social Insurance စနစ်အရ လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်လာစေရန် မဟာဗျူဟာရည်မှန်းချက်  ချမှတ်ပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံတော်က စုပေါင်းထည့်ဝင်ငွေများနှင့် နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သည့် အလုပ်သမားများ ၏ လူမှုဘဝလုံခြုံရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ငွေလက်ငင်းအကျိုးခံစားခွင့် များအား ခံစားရရှိနိုင်စေရန် လက်ရှိတွင် အာမခံစနစ် (၆) မျိုး အနက် (၂) မျိုးကို အကောင်အထည် ဖော်လျက် အကျိုးခံစားခွင့် (၁၅) မျိုးအား  ဆောင်ရွက်ပေး၍ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုလျက်ရှိသည်။

တိုးတက်များပြားလာသော  အကျုံးဝင် အာမခံအလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို ပိတ်ရက်မရှိ အလွယ်တကူ လက်လှမ်းမီရယူနိုင်စေရန် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့်ပူးပေါင်း၍ စာချုပ်ဆေးခန်းများ ဖွင့်လှစ်ကာ ကျန်းမာရေးဝန်ဆောင်မှု ပေးလျက် ရှိရာ ယနေ့ထိ Capitation Payment စာချုပ်ဆေးခန်း ၂၆ ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း ၁၂ ခန်း၊  မီးဖွားခြင်းနှင့်ဆိုင်သော ဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ/ သားဖွားခန်း ၁၀ ခန်း၊ Mobile Medical Unit – ရွေ့လျားဆေးကုသယာဉ် (၂) စီးတို့ဖြင့်  ဝန်ဆောင်မှု ပေးလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် အကျုံးဝင်အာမခံအလုပ်ဌာန (၉၈၁) ဌာန နှင့် အကျုံးဝင်အာမခံ အလုပ်သမားဉီးရေ (၂၃,၃၁၇) ရှိပြီး အဆိုပါအာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ထိရောက်လွယ်ကူစွာ ဆောင်ရွက်ပေးနိုင်ရန် လူမှုဖူလုံရေး-သမားတော်ဆေးခန်း အားဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုဖွင့်လှစ်ခဲ့သည့် ဆေးခန်းအပါအဝင် စာချုပ်ဆေးခန်း စုစုပေါင်း ၃၉ ခန်း ဖွင့်လှစ်ထားပြီး  လူမှုဖူလုံရေးအဖွဲ့၏ လိုအပ်ချက်ရှိသော နေရာဒေသများတွင် စာချုပ်ဆေးခန်းများ ထပ်မံတိုးချဲ့ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အာမခံအလုပ်သမားများအတွက် ကျန်းမာရေးဝန်ဆောင်မှုများအပြင် နိုင်ငံပိုင်ဆေးရုံများ တွင် ပြသ၍ ကုန်ကျခဲ့သော ဆေးဖိုးငွေများကို ကာယကံရှင်အာမခံအလုပ်သမားထံ လူမှုဖူလုံရေး ရန်ပုံငွေမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည် ထုတ်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် ၇/၂၀၂၂ မှ ၆/၂၀၂၃ အထိ ဆေးဖိုးအမှုတွဲပေါင်း (၆၉,၂၇၄) မှုအတွက် ဆေးဖိုးကုန်ကျငွေ ကျပ်သန်းပေါင်း (၃၇၄၂.၃၅၆) သန်း ထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။

            ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် အနော်ရထာစက်မှုဇုန်ရှိ CMP အထည်ချုပ် စက်ရုံများဖြစ်သည့် Myanmar Guotai Huasheng Glory Fashion Co., Ltd၊ Myanmar Huasheng Golden Fashion Co., Ltd  နှင့် Best Choice Garnment Co., Ltd စက်ရုံများသို့ သွားရောက်ကြည့်ရှု၍ စက်ရုံတာဝန်ခံများက လုပ်ငန်းခွင်တည်ငြိမ် အေးချမ်းရေးနှင့် ကုန်ထုတ် စွမ်းအားတိုးတက်စေရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်နေမှု၊ အလုပ်သမားအဖွဲ့အစည်းနှင့် စက်ရုံတွင်း အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်းဆောင်ရွက်နေမှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှု ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့သည်။

          ဒုတိယဝန်ကြီးက လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စေရန် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့များမှ အလေးထားဆောင်ရွက်ရန်၊  ကျွမ်းကျင်လုပ်သား မွေးထုတ်ပေးခြင်းဖြင့် ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် များစွာအထောက်အကူ ရရှိသဖြင့် အလုပ်ရှင်များမှ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်း၍ လုပ်ငန်းခွင်မတော်တဆ ထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါ ထိခိုက်ခံစားမှုလျော့နည်း ကျဆင်းလာသည်နှင့်အမျှ ကုန်ထုတ် စွမ်းအား မြင့်မားစေရေး များစွာ အထောက်အကူဖြစ်စေနိုင်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက် မပြတ် ဆက်သွယ်ဆောင်ရွက်ရန်နှင့် သုံးပွင့်ဆိုင် ယန္တရား ပိုမိုအားကောင်းစေရေး  အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်ဟု သတင်း ရရှိသည်။

သတင်းစဉ်