အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                   ဇန်နဝါရီ ၂၄ ။

          မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ် သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (မြောက်ဒဂုံ)ရှိ သင်တန်းခန်းမတွင် အခြေခံမော်တာစက်ချုပ် သင်တန်းပို့ချနေမှုကို အားပေးကြည့်ရှု၍ သင်တန်းကျောင်းတာဝန်ခံ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော ကျွမ်းကျင်မှုသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချရန်နှင့် သင်တန်းသားများ၏ အရည်အသွေး အာမခံချက်ရှိစေရေး အလေးထား ဆောင်ရွက်ပေးရန်၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ သင်တန်းသားများအနေဖြင့် ဘဝရပ်တည်မှုအတွက် ကောင်းမွန်သော အလုပ် အကိုင်အခွင့်အလမ်း ဖန်တီးနိုင်ရန် စိတ်အားထက်သန်စွာဖြင့် နာယူရန်လိုကြောင်း၊ သင်တန်း ဆင်းပြီးပါက မိမိနေအိမ်တွင်ဖြစ်စေ၊ လုပ်ငန်းခွင်တွင်ဖြစ်စေ လုပ်ကိုင်နိုင်မည်ဖြစ်ရာ ကိုယ်ပိုင် တီထွင်ဖန်တီးမှုများဖြင့် ရှေ့ဆက်လှမ်းရန်လိုကြောင်း အလုပ်ရှင်နှင့် အလုပ်အပ်နှံသူများ၏ စိတ်ကျေနပ်မှု ရရှိရေး ကြိုးပမ်းဆောင်ရွက်မှသာ ရေရှည်ရပ်တည်နိုင်မည်ဖြစ်ကြောင်း၊ မိမိအလုပ် အပေါ် စိတ်ကောင်းထား၍ စည်းစနစ်ကျနစွာ ကြိုးစားလုပ်ဆောင်နိုင်ရန်လိုပြီး အခြားသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ခြင်းဖြင့် ဘဝတွင် အောင်မြင်မှု ရရှိစေနိုင်သဖြင့် လိုက်နာဆောင်ရွက်ရန် မှာကြားခဲ့သည်။

          နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ ဦးစီးဌာနများမှ တာဝန်ခံများ လိုက်ပါ၍ ရွှေသံလွင်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများဖြစ်သည့် LZK Apparel Co.,Ltd၊ Tha Shu (Myanmar) Glory Fashion Co.,Ltd နှင့် Pak Chun Industrial Limited Co.,Ltd စက်ရုံများသို့ သွားရောက်၍ အလုပ်ခန့်ထားမှု ဆိုင်ရာသဘောတူ စာချုပ်(EC) စာချုပ်ချုပ်ဆိုရေး၊  အလုပ်သမားများ၏ လုပ်ခလစာကို သတ်မှတ်ရက်အတွင်း ထုတ်ပေးရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးကော်မတီ၊ စက်ရုံအလုပ်သမားအဖွဲ့ အစည်းနှင့် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)တို့ ပူးပေါင်းဆောင်ရွက်ရေး၊ လုပ်ငန်းခွင်များတွင်ကြုံတွေ့နေရသည့် အခက်အခဲများရှိပါက အလုပ်ရှင်၊ အလုပ်သမား အပြန် အလှန် လေးစားယုံကြည်မှုဖြင့် ညှိနှိုင်းဖြေရှင်းရေး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်ငန်းခွင်အေးချမ်းသာယာ၍ ကုန်ထုတ်စွမ်းအားတိုးတက်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

စက်ရုံတာဝန်ခံနှင့် မန်နေဂျာ၊ အလုပ်သမားအဖွဲ့အစည်းဝင်များ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး အဖွဲ့ဝင်များက လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် အလုပ်ရှင် နှင့်အလုပ်သမားတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လိုအပ်ပါက မြို့နယ်အလုပ်သမားရေးရာ တာဝန်ခံများနှင့် ဆက်သွယ်ဆောင်ရွက်ပါကြောင်း တင်ပြဆွေးနွေးခဲ့ရာ  ဒုတိယဝန်ကြီးက အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုကို အလေးထားဆောင်ရွက်ရန်၊ လုပ်သားများအနေဖြင့် လုပ်ငန်းခွင်အတွင်း ကျန်းမာပျော်ရွှင်စွာ လုပ်ကိုင်နိုင်ခြင်းဖြင့် ကုန်ထုတ် စွမ်းအားတိုးတက်စေပြီး အပြန်အလှန်အကျိုးပြုနိုင်ကြောင်း၊ အလုပ်ရှင်၊ မန်နေဂျာ၊ ကြီးကြပ် ရေးမှူးများနှင့် အလုပ်သမားတို့ လုပ်ငန်းခွင်ဆက်ဆံကောင်းမွန်ခြင်းဖြင့် လုပ်ငန်းခွင်တည်ငြိမ် အေးချမ်း၍ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်ရန်နှင့် အလုပ်ရှင်နှင့် အလုပ်သမားများအနေဖြင့် ရှောင်ရန်၊ ဆောင်ရန်အချက်များကို သိရှိလိုက်နာ ဆောင်ရွက်ရန် မှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများအား ရင်းရင်းနှီးနှီး အားပေးခဲ့ကြောင်း သိရသည်။