ပုသိမ် ဇွန်၁၅
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် အလုပ် သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင် လိုက်ပါ၍ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ ရောက်ရှိပြီး ဝန်ကြီးချုပ်ထံ အလုပ်သမားရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးပြီး နေ့လယ်ပိုင်းတွင် ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာ လုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်စက်မှုဇုန်ရှိ Dong Long Pathein အထည်ချုပ်စက်ရုံနှင့် ပုသိမ်စက်မှုမြို့တော်ရှိ Vent D’est အထည်ချုပ်စက်ရုံများသို့ သွားရောက် စစ်ဆေးကြည့်ရှုရာ စက်ရုံတာဝန်ခံများက လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ် စွမ်းအားတိုးတက်စေရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်နေမှု၊ အလုပ်သမားအဖွဲ့အစည်းနှင့် စက်ရုံတွင်း အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်း ရေးကော်မတီ(WCC) ဖွဲ့စည်းဆောင်ရွက်နေမှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှု ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ဒုတိယဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်မတော်တဆ ထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါ ရရှိခံစားမှု လျော့နည်းကျဆင်းစေရေး ဦးစီးဌာန၏အမိန့်နှင့် ညွှန်ကြားချက်များ၊ စစ်ဆေးရေးအရာရှိများ၏ အကြံပြုချက်များကို သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စေရန် WCC အဖွဲ့များမှ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်နေမှုများအား ပုံမှန်ဆောင်ရွက်ရန်လိုကြောင်း၊ ကျွမ်းကျင်လုပ်သား မွေးထုတ်ပေး ခြင်းဖြင့် လုပ်သားများ၏ လူမှုစီးပွားဘဝကို တိုးတက်စေနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အတွက် များစွာအထောက်အပံ့ ရရှိစေနိုင်သဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့် ဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့သည်။
အလုပ်သမားရေးရာအငြင်းပွားမှုများ လျော့နည်းကျဆင်းစေရေး၊ မျှတသည့်အလုပ်သမား ရေးရာဆက်ဆံမှုထူထောင်နိုင်ရေး၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) နှင့် အလုပ်သမားအဖွဲ့အစည်းများသည် အလုပ်ရှင်နှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်လို ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းပြီး မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါ ထိခိုက်ခံစားမှုလျော့နည်း ကျဆင်းလာသည်နှင့်အမျှ ကုန်ထုတ်စွမ်းအားမြင့်မားစေရေးများစွာ အထောက်အကူဖြစ်စေနိုင်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
