အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                     ဇန်နဝါရီ ၁၀

          မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ် သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) အစည်းအဝေးခန်းမ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဖြေဆိုသူ (၅,၀၀၀) ဦး ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နိုင်ရေး လျာထားသတ်မှတ်မှုအပေါ် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၍ လိုအပ်သည်များ မှာကြားခဲ့သည်။

အစည်းအဝေးသို့ NSSA မှ တာဝန်ရှိသူများ၊ အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုစံသတ်မှတ်ရေး ကော်မတီ၊ အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး နှင့်ပဲခူးတိုင်းဒေသကြီးတို့မှ Online ဖြင့် တက်ရောက်သည့် အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနများမှတာဝန်ခံများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့်အသိအမှတ် ပြုရေးကော်မတီမှ တာဝန်ရှိသူများ အပါအဝင် အင်အား ၁၀၀ ဦးခန့် တက်ရောက်ခဲ့သည်။

ဒုတိယဝန်ကြီးက NSSA ဦးဆောင်မှုဖြင့် ကျွမ်းကျင်မှုအဆင့်အလိုက် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ်မှ ယနေ့အထိ အလုပ်အကိုင် (၅၃) မျိုး အတွက် စစ်ဆေးအကဲဖြတ်ရေးဌာန (၂၈၂) ခု၊ စစ်ဆေးရေးမှူး (၁၀၂) ဦး၊ စစ်ဆေးအကဲဖြတ်သူ (၈၈၄) ဦးဖြင့် ကျွမ်းကျင်လုပ်သား (၂၈,၁၀၄) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ လုပ်ငန်းကဏ္ဍ (၆) ခုမှ ဖြေဆိုသူ (၂,၀၃၃) ဦးကို စစ်ဆေးအကဲဖြတ်နိုင်ခဲ့၍ ကျန်ကာလအတွင်း လျာထားချက်ပြည့်မီရေး  စစ်ဆေးအကဲဖြတ်ရန်လိုကြောင်း၊

အလုပ်အကိုင်အလိုက် ဖြေဆိုသူ (၁) ဦးအတွက် ကုန်ကျစရိတ် Material Cost များကို ကာလပေါက်ဈေးနှင့်အညီ စစ်ဆေးနိုင်ရေး အလုပ်အကိုင် (၂၆) မျိုးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်မှစ၍ တိုးမြှင့်သတ်မှတ်ပေးနိုင်ခဲ့၍ ပြင်ဆင်တိုးမြှင့်ပေးလိုသည့် အလုပ်အကိုင်များရှိပါက သတ်မှတ်ချက်နှင့်အညီ တင်ပြစေလိုကြောင်း၊

ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်တွင် စစ်ဆေးရေးမှူးများ၊ စစ်ဆေးအကဲ ဖြတ်သူများ အရည်အချင်း ပြည့်မီရန်လိုပြီး စစ်ဆေးအကဲဖြတ်ရာတွင် အသုံးပြုသည့် အထောက် အကူပစ္စည်းများသည် စံသတ်မှတ်ချက်နှင့်ကိုက်ညီရန်လိုကြောင်း၊

သို့ဖြစ်၍ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီများနှင့် စစ်ဆေးအကဲဖြတ်ရေးဌာနများအနေဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း မှာကြားခဲ့သည်။

          အစည်းအဝေးတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း လက်ကျန်ကာလ (၃) လအတွင်း လျာထားချက်ပြည့်မီအောင် စစ်ဆေးအကဲဖြတ်နိုင်ရေး၊ အလုပ်အကိုင်အလိုက် ဖြေဆိုသူ (၁) ဦး အတွက် Material Cost နှင့်ပတ်သက်၍ လက်ရှိကာလပေါက်ဈေးအတိုင်း ပြင်ဆင်သတ်မှတ် နိုင်ရေး ကုန်ကျစရိတ် တွက်ချက်ပေးပို့ရန်၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးရာတွင် အသုံး ပြုသည့်ပစ္စည်းများကို အရည်အသွေးပြည့်မီစေရေး Chief Assessor များမှ တာဝန်ခံဆောင်ရွက်ရန်၊  ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရာမှ ရရှိသည့် ဆယ်တင်ပစ္စည်းများကို ဘုတ်အဖွဲ့ဖြင့် ရောင်းချ၍ နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရေး၊ NSSA အသိအမှတ်ပြု Assessor များသည် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်များတွင် အနည်းဆုံး (၁) နှစ်လျှင် (၂) ကြိမ် ပါဝင်ရန် Chief Assessor များမှ ကြီးကြပ်ဆောင်ရွက်ရေး၊ အလုပ်အကိုင်အလိုက် ACC Member များနှင့် Inspector များကို တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ထပ်မံခန့်ထားနိုင်ရေး၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနနှင့် NSSA အသိအမှတ်ပြုသင်တန်းကျောင်းများ ချိတ်ဆက်၍ အလုပ်အကိုင် အလိုက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နိုင်ရေး၊ အထည်ချုပ်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အဆင့် (၁) စစ်ဆေးအကဲဖြတ်ရေးဌာနအပြင် ကျွမ်းကျင်မှုအဆင့် (၂) စစ်ဆေးအကဲဖြတ်ရေးဌာန များ တည်ထောင်၍ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အတွင်း စစ်ဆေးအကဲဖြတ်ရေးဆောင်ရွက်မည့် လျာထားစာရင်းများ သတ်မှတ်ရက်အတွင်း  ပေးပို့နိုင်ရေးတို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့သည်။

နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်ရှိ Myanmar Little Flamingo Co.,Ltd နှင့် Sujin Co.,Ltd အထည်ချုပ်စက်ရုံများသို့ သွားရောက်၍ အလုပ်ခန့်ထားမှု ဆိုင်ရာသဘောတူစာချုပ်(EC)စာချုပ်ချုပ်ဆိုရေး၊  အလုပ်သမားများ၏ လုပ်ခလစာကို သတ်မှတ် ရက်အတွင်း ထုတ်ပေးရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးကော်မတီ၊ စက်ရုံအလုပ်သမားအဖွဲ့အစည်းနှင့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)တို့ ပူးပေါင်းဆောင်ရွက်ရေး၊ လုပ်ငန်းခွင်များတွင်ကြုံတွေ့နေရသည့် အခက်အခဲများရှိပါက အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် လေးစားယုံကြည်မှုဖြင့် ညှိနှိုင်းဖြေရှင်းရေး အစိုးရ၊ အလုပ်ရှင်၊ အလုပ် သမား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်ငန်းခွင်အေးချမ်းသာယာ၍ ကုန်ထုတ်စွမ်းအား တိုးတက်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

စက်ရုံတာဝန်ခံနှင့် မန်နေဂျာ၊ အလုပ်သမားအဖွဲ့အစည်းဝင်များ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး အဖွဲ့ဝင်များက လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် အလုပ်ရှင် နှင့်အလုပ်သမားတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လိုအပ်ပါက မြို့နယ်အလုပ်သမားရေးရာ တာဝန်ခံများနှင့် ဆက်သွယ်ဆောင်ရွက်ပါကြောင်း တင်ပြဆွေးနွေးခဲ့ရာ  ဒုတိယဝန်ကြီးက အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုကို အလေးထားဆောင်ရွက်ရန်၊ လုပ်သားများအနေဖြင့် လုပ်ငန်းခွင်အတွင်း ကျန်းမာပျော်ရွှင်စွာ လုပ်ကိုင်နိုင်ခြင်းဖြင့် ကုန်ထုတ် စွမ်းအားတိုးတက်စေပြီး အပြန်အလှန်အကျိုးပြုနိုင်ကြောင်း၊ အလုပ်ရှင်၊ မန်နေဂျာ၊ ကြီးကြပ် ရေးမှူးများနှင့် အလုပ်သမားတို့ လုပ်ငန်းခွင်ဆက်ဆံကောင်းမွန်ခြင်းဖြင့် လုပ်ငန်းခွင်တည်ငြိမ် အေးချမ်း၍ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်ရန်နှင့် အလုပ်ရှင်နှင့် အလုပ်သမားများအနေဖြင့် ရှောင်ရန်၊ ဆောင်ရန်အချက်များကို သိရှိလိုက်နာ ဆောင်ရွက်ရန် မှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများအား ရင်းရင်းနှီးနှီး အားပေးခဲ့ကြောင်း သိရသည်။