အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပုသိမ်                                                                                                                  ဇွန် ၁၆

          အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် အလုပ် သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဧရာဝတီတိုင်းဒေသကြီးရှိ  အလုပ်သမားရေးရာ ဝန်ထမ်းများလိုက်ပါ၍ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ပုသိမ်)သို့ ရောက်ရှိရာ သင်တန်းကျောင်းတာဝန်ခံက အစည်းအဝေးခန်းမတွင် ဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက မှာကြား၍ လှည့်လည်ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဒုတိယဝန်ကြီးက မှာကြားရာတွင်  အလုပ်သမားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အကြီး အကဲ၏ လမ်းညွှန်ချက်များနှင့်အညီ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ အလုပ်အကိုင်အမျိုးအစားအလိုက် ကျွမ်းကျင်မှုအသိအမှတ် ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေးတို့အတွက်  အလုပ်သမားဝန်ကြီးဌာနရှိ ကျွမ်းကျင်မှုလေ့ကျင့် ရေးသင်တန်းကျောင်း ၇ ကျောင်းတွင် အခြေခံ ဂဟေဆက်သင်တန်း၊ အခြေခံလျှပ်စစ်နှင့် အိမ်တွင်းလျှပ်စစ်သင်တန်း၊ လေအေးပေးစက်တပ်ဆင်ပြုပြင်သင်တန်း၊ ဆောက်လုပ်ရေးဆိုင်ရာ ကျွမ်းကျင်သင်တန်း၊ စက်ချုပ်ကျွမ်းကျင်သူသင်တန်း၊ Air Compressor ပြုပြင်ထိန်းသိမ်း ရေးသင်တန်းများကို စီမံချက်ဖြင့် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊

ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့်ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ပုသိမ်) ၌ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော သင်တန်းများဖြစ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းနှင့် အဲယားကွန်း တပ်ဆင်/ ပြုပြင်ခြင်းသင်တန်း ပို့ချခဲ့ရာ  သင်တန်းသား (၁၀၀) ဦး တက်ရောက်ခဲ့ကြောင်း၊  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်းနှင့် အဲယားကွန်း တပ်ဆင်/ ပြုပြင်ခြင်း သင်တန်းသား (၁၂၀) ဦး မွေးထုတ်ပေးရန် လျာထားကြောင်း၊

နိုင်ငံတော်အကြီးအကဲ၏ MSME လုပ်ငန်းရှင်များအတွက် ကျွမ်းကျင်လုပ်သားနှင့် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်ပေးရမည်ဟု လမ်းညွှန်ချက်နှင့်အညီ ကုန်ထုတ် လုပ်မှုကဏ္ဍတွင် အဓိကမောင်းနှင်အားဖြစ်သည့် အလုပ်သမားများ၏ အရည်အသွေးနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လုပ်သားထု တစ်ရပ် ပေါ်ထွန်းလာစေရေးကို မျှော်မှန်း၍ တိုးတက်လာသည့် နည်းပညာအသစ်များနှင့်အညီ ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရန် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) က ဦးဆောင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊

MSME လုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးတို့အတွက် ပံ့ပိုးဆောင်ရွက် ပေးနေခြင်းဖြစ်ကြောင်း၊

          ကျွမ်းကျင်လုပ်သားများဖြစ်မှ အရည်အသွေးပြည့် ထုတ်ကုန်ပစ္စည်းများကို စွမ်းအားပြည့် ထုတ်ပေးနိုင်မည်ဖြစ်ပြီး လုပ်ငန်းအပ်နှံသူ၏ ယုံကြည်ကိုးစားမှု ရရှိ၍ မိမိလူနေမှုဘဝ မြင့်မားစေ ရေးများစွာ အထောက်အကူပြုနိုင်ကြောင်း၊ သင်တန်းနည်းပြများအနေဖြင့် ခေတ်နှင့်အညီ စွမ်းဆောင်ရည် ပိုမိုမြင့်မားစေရေး စဉ်ဆက်မပြတ်လေ့လာသင်ယူနေရမှာဖြစ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။