အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                    ဖေဖော်ဝါရီလ      ၇

အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဝင်းရှိန် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့၌ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပခဲ့သည့် နည်းပညာပလက်‌ဖောင်းများကို အခြေခံသည့်  စီးပွားရေးစနစ်နှင့်စပ်လျဉ်း၍ သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးများဖိုရမ် (ASEAN High-Level Forum on Decent Work in the Platform Economy) သို့ တက်ရောက်ပြီး ယမန်နေ့က ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်၊၊

အာဆီယံဒေသတွင်း သင့်လျော်ကောင်းမွန်သောအလုပ်အကိုင်အား မြှင့်တင်ရာတွင် အခွင့် အလမ်းများနှင့် စိန်ခေါ်မှုများကို အလေးထား၍ နည်းပညာပလက်‌ဖောင်းများကို အခြေခံသည့် စီးပွားရေးစနစ်နှင့်စပ်လျဉ်း၍ မူဝါဒဆွေးနွေးမှုများမြှင့်တင်ရန်၊ မျှတ၍ အားလုံးပါဝင်သည့် နည်းပညာပလက်‌ဖောင်းများကို အခြေခံသည့် အလုပ်အကိုင်များအတွက် နိုင်ငံတွင်းအတွေ့ အကြုံ များ၊ အလေ့အကျင့်ကောင်းများကို မျှဝေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

ဖိုရမ်၏ ပထမပိုင်းအစီအစဉ်ကို ဖေ‌ဖော်ဝါရီလ ၃ ရက်နေ့ စတင်ကျင်းပခဲ့ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအလိုက်ဆွေးနွေးပြောကြားခဲ့ရာ ဒုတိယဝန်ကြီးကအာဆီယံ‌ဒေသတွင်း ဒီဂျစ်တယ်ပလက်ဖောင်းအလုပ်သမားများ များပြားလာခြင်းနှင့်အတူ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများဖြစ်ပေါ်စေကြောင်း၊ မြန်မာနိုင်ငံတွင် ဒီဂျစ်တယ်ပလက်‌‌ဖောင်း အလုပ်အကိုင်သည် လူငယ်များ၊ အမျိုးသမီးများနှင့် စနစ်တကျစုစည်းမှုမရှိသေးသော အလုပ်သမားများအတွက် ဝင်ငွေအရင်းအမြစ်တစ်ခုအဖြစ် ‌ပေါ်ထွက်လာကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒီဂျစ်တယ် စီးပွားရေးစနစ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဦးစားပေးနယ်ပယ်အလိုက် သတ်မှတ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ Myanmar Digital Economy Roadmap 2030 ကို ရေးဆွဲလျက်ရှိကြောင်း၊ ပလက်ဖောင်းအလုပ်သမားများအတွက် ဥပဒေဆိုင်ရာမူဘောင်များ၊ လူမှု ဖူလုံရေး အကျုံးဝင်မှုနှင့် အနည်းဆုံးလုပ်ခလစာ၊ အလုပ်သမားအခွင့်အရေးများ ရရှိခံစားနိုင်မှု နှင့်ပတ်သက်၍ စုပေါင်းတောင်းဆိုခွင့်ကဲ့သို့သော စိန်ခေါ်မှုများလည်းရှိသည့်အတွက် သင့်လျော် ကောင်းမွန်သော အလုပ်အကိုင်များမြှင့်တင်ပေးရန် အရေးကြီးကြောင်းကို အသိအမှတ်ပြု ကြောင်း၊ ၂ဝ၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ ဆန္ဒအလျောက် ထည့်ဝင်စုဆောင်းပြီး အာမခံထား ရှိ၍ လူမှုဖူလုံရေးဆိုင်ရာ အကျိုးခံစားခွင့်များ ရရှိနိုင်ကြောင်း ပြောကြားခဲ့သည်၊၊

ယင်းနောက် တက်ရောက်လာသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်များက နိုင်ငံတွင်းအတွေ့အကြုံများ၊ စိန်ခေါ်မှု များကို ဆွေးနွေးခဲ့ပြီး ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ဖိလစ်ပိုင်နိုင်ငံ၊ အလုပ်သမားနှင့်အလုပ်အကိုင်ဆိုင်ရာဌာနမှ ဧည့်ခံသော ယဉ်ကျေးမှုပြပွဲနှင့် ညစာစားပွဲသို့ တက်ရောက်သည်၊၊

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က နည်းပညာပလက်‌ဖောင်း များကိုအခြေခံသည့် စီးပွားရေးစနစ်နှင့်စပ်လျဉ်း၍ သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်များ ဖန်တီးပေးခြင်းစကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက နည်းပညာပလက်‌ဖောင်းများကို အခြေခံသည့် စီးပွားရေးစနစ်နှင့် စပ်လျဉ်း၍ နိုင်ငံတွင်းအတွေ့အကြုံများ၊ စိန်ခေါ်မှုများ၊ မူဝါဒများကို အသီးသီးဆွေးနွေးခဲ့သည်။

နည်းပညာပလက်‌ဖောင်းများကို အခြေခံသည့် စီးပွားရေးစနစ်နှင့်စပ်လျဉ်း၍ သင့်လျော် ကောင်းမွန်သော အလုပ်အကိုင်ဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးများဖိုရမ်သို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ယင်း၏ဖွံ့ဖြိုးရေးမိတ်ဖက်နိုင်ငံများဖြစ်သည့် ဩစတြေးလျနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် ဥရောပသမဂ္ဂတို့မှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာအဖွဲ့ (ILO) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။