အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                       စက်တင်ဘာ ၂၈

          ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်တွင် မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား (၅)ဦးအတွက် အာမခံကြေးများအား ကျန်ရစ်သူမိသားစုများထံ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း (IOM) မှ တာဝန်ရှိသူနှင့် သေဆုံးသူများ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာ ၂၀-၁-၂၀၂၂ ရက်နေ့၌ ထိုင်းနိုင်ငံ၊ ဆိုင်ရို့ခရိုင်နယ်စပ်မှ တရားမဝင် မြန်မာအလုပ်သမားများ တင်ဆောင် လာသည့် မော်တော်ယာဉ်သည် ကန်ချနဘူရီ ပြည်နယ်အတွင်း ဖြတ်သန်းစဉ် စစ်ဆေးရေးဂိတ် တွေ့၍ လှည့်ပြန်မောင်းနှင် ထွက်ပြေးရာမှ မော်တော်ယာဉ်တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်တွင် ပါရှိသည့် အလုပ်သမား (၁၀) ဦးအနက် မောင်သက်နိုင်ဖြိုး၊ မောင်နိုင်ဝင်းစိုး၊ မောင်အောင်ရွှေဝင်း၊ မခင်မာနွယ်နှင့် မအိဖြူအောင်တို့ သေဆုံးခဲ့မှုအပေါ် မော်တော်ယာဉ်အာမခံ‌ ထောက်ပံ့ကြေး ငွေအား ကျန်ရစ်သူမိသားစုများထံ ပေးအပ်သည့်အခမ်းအနားဖြစ်ပါကြောင်း၊

          အဆိုပါအလုပ်သမား ၅ ဦး သေဆုံးခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ ထိုင်းနိုင်ငံ၊ အလုပ်သမားအရာရှိရုံးမှ အလုပ်သမားသံအရာရှိက မော်တော်ယာဉ်အာမခံကုမ္ပဏီဖြစ်သည့် Dhipaya Insurance Public Co., Ltd နှင့်ချိတ်ဆက်ဆောင်ရွက်၍ မော်တော်ယာဉ်အာမခံကြေး ရရှိနိုင်ရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ လိုအပ်သည့်အထောက်အထား၊ စာရွက်စာတမ်းများကို သက်ဆိုင်ရာမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(မြို့နယ်ရုံး)များ၊ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံ တကာအဖွဲ့အစည်း(IOM)တို့မှ သေဆုံးသူများ၏ မိသားစုဝင်များနှင့် ချိတ်ဆက်ဆောင်ရွက် ပေးခဲ့မှုဖြစ်ပါကြောင်း၊ အလုပ်သမား (၅)ဦး သေဆုံးမှုဖြစ်စဉ်နှင့်စပ်လျဉ်းပြီး မော်တော်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားသည့်ယာဉ်မှာ Dhipaya Insurance Public Co., Ltd တွင် မော်တော်ယာဉ် အာမခံထားရှိခြင်းကြောင့် သေဆုံးသူများအတွက် မော်တော်ယာဉ်အာမခံငွေများ ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊

ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရ မှုများ၊ မော်တော်ယာဉ်တိမ်းမှောက်ခဲ့မှုများ  ဖြစ်ပွားခဲ့မှုကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမား ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုများရှိခဲ့ခြင်း၊ တရားမဝင် သွားရောက်ခြင်းကြောင့် လူကုန်ကူးခံရ ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုများ အပြည့် အဝမရရှိခြင်းနှင့် အခြားသောလူ့အခွင့်အရေးဆုံရှုံးမှုများ ဖြစ်ပေါ်နိုင်သည့်အပြင် အခက်အခဲမျိုးစုံ ကြုံတွေ့လာနိုင်သဖြင့် တရားမဝင် သွားရောက်ခြင်းများ လုံးဝမပြုလုပ်ကြရန်နှင့် ပြည်ပသို့ တရားဝင်သွားရောက်လုပ်ကိုင်ခြင်းဖြင့် ဥပဒေနှင့်အညီ အလုပ်သမားအခွင့်အရေး ကာကွယ် စောင့်ရှောက်မှုများ အပြည့်အဝရရှိနိုင်ခြင်း၊ လူကုန်ကူးခံရမှု မဖြစ်ပွားနိုင်ခြင်း၊ ဆိုက်ရောက် နိုင်ငံများ၌ လွတ်လပ်စွာသွားလာနိုင်ခြင်းနှင့် လုပ်ငန်းခွင်တွင် စိတ်ချလုံခြုံစွာ လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း  မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာတို့တွင် သတင်းထုတ်ပြန်ကြေညာ ခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ကျန်ရစ်မိသားစုဝင်(၃)ဦးနှင့် ဒုတိယဝန်ကြီးမှ ကျန်ရစ်သူမိသားစုဝင်(၂)ဦး သေဆုံးသူ (၅) ဦးတို့၏ မိသားစုဝင်များသို့ မော်တော်ယာဉ် အာမခံကြေးများအား ပေးအပ်ခဲ့ရာ လက်ခံရရှိသူများကိုယ်စား မိသားစုဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်တွင် မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား(၅)ဦးအတွက် ကျန်ရစ်သူမိသားစုထံ အာမခံကြေးပေးအပ်ခြင်း အခမ်းအနားကျင်းပပုံ