အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                           ဇွန် ၆

          ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများအား MoU U-Turn စနစ်ဖြင့် စနစ်တကျပြန်လည်စေလွှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF) မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ထိုင်းနိုင်ငံသို့ MoU U-Turn စနစ်ဖြင့် အလုပ်သမားများ ပြန်လည်စေလွှတ်ရာတွင် သတ်မှတ်ချိန် ကာလအတွင်း လုပ်ငန်းစဉ်များ မြန်မြန်ဆန်ဆန်ဆောင်ရွက်ပြီး ပြန်လည်စေလွှတ်နိုင်ရေး ဆောင် ရွက်ရန်လိုအပ်ကြောင်း၊ အလုပ်ခေါ်စာတွင်ပါရှိသည့် အမှန်တကယ်ခေါ်ယူလိုသော အလုပ်သမား အရေအတွက်အပေါ် မြန်မာအေဂျင်စီများမှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်နှင့် အလုပ်သမား မှလည်း မည်သည့်အေဂျင်စီက တာဝန်ယူဆောင်ရွက်ပေးနေသည်ကို သိရှိရန် လိုအပ်ကြောင်း၊ ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် လက်ရှိလုပ်ကိုင်လျက်ရှိသည့် အလုပ်သမားများအား U-Turn စနစ်ဖြင့် ပြန်လည်စေလွှတ်ရာတွင်ဖြစ်စေ၊ မြန်မာနိုင်ငံသို့ ရောက်ရှိပြီးသည့် MoU စနစ် အလုပ်သမား (လူဟောင်း) များအား ယခင်အလုပ်ရှင်ထံသို့ ပြန်လည်စေလွှတ်ရာတွင်ဖြစ်စေ လုပ်ငန်းစဉ်အား သတ်မှတ်ညွှန်ကြားထားသည့်အတိုင်း မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားနှင့် အေဂျင်စီများအကြား တာဝန်ယူမှုစနစ် တည်ဆောက်ရန်လိုအပ် ကြောင်း၊

ထိုင်းနိုင်ငံသို့ MoU U-Turn စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်း လုပ်ငန်းစဉ်များ စနစ်တကျ ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားရေးရာ ကျွမ်းကျင် သူများ အစည်းအဝေး ကျင်းပပြုလုပ်ပြီး ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ဖြည့်ဆည်း၊ ဖြေလျော့ ပေးရမည့်အချက်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ် များအား လုပ်ငန်းစဉ်များအလိုက် အကြံပြုဆွေးနွေးတင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။

အစီအစဉ်အရ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF) တာဝန်ရှိသူများမှ MoU U-Turn စနစ်ဖြင့် ဆောင်ရွက်ရမည့် အလုပ်သမားစေလွှတ်ခြင်း လုပ်ငန်းစဉ်များ၊ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ် ချုပ်ဆိုမှုအခြေအနေများ၊ ထိုင်းအလုပ် သမားဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးပေးစေလိုသည့် ကိစ္စရပ်များ၊ MoU လုပ်ငန်းစဉ်နှင့်ပတ်သက်၍ တွေ့ကြုံရသည့် အခက်အခဲများအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ သဘာဝဘေးဒဏ်သင့်သည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ဝန်ကြီးဌာနမှတစ်ဆင့် လှူဒါန်းမည့် ငွေကျပ် ၄၃,၃၅၀,၀၀၀ အား ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။