အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နယ်စပ်ဂိတ်များမှတစ်ဆင့် ထိုင်းနိုင်ငံသို့ MoU U-turn စနစ်ဖြင့် အလုပ်သမားစေလွှတ် နိုင်ရေးအတွက် မြဝတီမြို့နှင့် ကော့သောင်းမြို့သို့ သွားရောက်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအားယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တွေ့ဆုံအမှာစကားပြောကြားသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သွားရောက်တာဝန်ထမ်းဆောင်မည့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ထိုင်းနိုင်ငံတွင် နေထိုင်လုပ်ကိုင် လျက်ရှိသည့် MoU သက်တမ်း ၄ နှစ်ပြည့် အလုပ်သမားများကို ထိုင်းနိုင်ငံသို့ အချိန်တိုအတွင်း ပြန်လည်ဝင်ရောက် လုပ်ကိုင်နိုင်ရန်အတွက် အလုပ်ရှင်၊ အလုပ်သမားအလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခြင်း၊ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ရိုက်နှိပ်ခြင်းများကို မြဝတီမြို့နှင့် ကော့သောင်းမြို့များတွင် One Stop Service ဖြင့် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊

ထိုင်းနိုင်ငံသို့ရောက်ရှိ လုပ်ကိုင်နေသည့် MoU ၄ နှစ်ပြည့် အလုပ်သမားများအတွက် အချိန်နှင့် ငွေကုန်ကြေးကျ သက်သာစေရေးနှင့် နှစ်နိုင်ငံ MoU U-turn စနစ်အား အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်သည့်လုပ်ငန်းစဉ်ဖြစ်၍ တာဝန်ထမ်း ဆောင်မည့် ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်အား အောင်မြင်စေရေး စေတနာထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊

အလုပ်သမားများ OWIC လာရောက်ပြုလုပ်ရာတွင် လုပ်ငန်းစဉ်များ စနစ်တကျ ဆောင်ရွက် ပေးရန်နှင့် ငွေစာရင်းပိုင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လွဲမှားမှုမရှိစေရေး အလေးထားဆောင် ရွက်ရန် လိုအပ်ကြောင်း၊

တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအနေဖြင့် လာရောက်ဆောင်ရွက်သည့် အလုပ်သမား များ၏ အခက်အခဲများကို စေတနာထားဖြည့်ဆည်းဆောင်ရွက်၍ အချိန်တိုအတွင်းပြီးစီးအောင် ဆောင်ရွက်ပေးရန်နှင့် တာဝန်ထမ်းဆောင်နေသည့်ကာလအတွင်း ဝန်ကြီးဌာန၏ ရည်မှန်းချက် တာဝန်ကို ပြည့်မီစေရေး အလေးထားဆောင်ရွက်ကြရန်  မှာကြားခဲ့သည်။

ဆက်လက်၍ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအား ညွှန်ကြားရေးမှူးချုပ်နှင့် အမြဲတမ်းအတွင်းဝန်တို့က လိုအပ်သည်များ မှာကြားခဲ့ပြီး ဒုတိယဝန်ကြီး က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပါသည်။