အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့်စေလွှတ်မည့် အလုပ်သမားများအတွက် ပြည်ပအလုပ် အကိုင်ဆိုင်ရာ လမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်ဖွင့်လှစ် အမှာစကားပြောကြားခဲ့သည်။

          အခမ်းအနားဖွင့်ပွဲသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ယခင်က ထိုင်းနိုင်ငံသို့ ပြည်ပ အလုပ်အကိုင် အကျိုးဆောင် (ထိုင်း)လိုင်စင်ရ အေဂျင်စီများမှတစ်ဆင့် MoU စနစ်ဖြင့် စေလွှတ် သည့် လုပ်သားများအား သီးခြားလမ်းညွှန်သင်တန်း ပို့ချခဲ့မှုများ ဆောင်ရွက်ခဲ့ခြင်း မရှိပါကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား စာချုပ်ချုပ်ဆိုသည့်အချိန်တွင် လုပ်ငန်းခွင်နှင့် ပတ်သက်သည့် စာချုပ်ပါ အချက်အလက်များကို အသိပညာပေးရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် စေလွှတ်မည့် လုပ်သားများအား ထိုင်းနိုင်ငံ၏ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ၊ လုပ်ငန်း ခွင်တွင် လုပ်ကိုင်ဆောင်ရွက်ရာ၌ ဥပဒေပါ သိသင့်သိထိုက်သည့် အခြေခံအချက်များနှင့် ဆောင်ရန်/ ရှောင်ရန် အချက် များအား သိရှိနားလည်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပို့ချရခြင်းဖြစ်ပါကြောင်း၊ မြန်မာအလုပ်သမားများ၏ လုပ်ခလစာများ တရားဝင်ငွေလွှဲခြင်း ဆိုင်ရာ အသိပညာပေးကိစ္စရပ်များကိုပါ ထည့်သွင်းပို့ချသွားမည်ဖြစ်ပါကြောင်း၊ ယခု ဖွင့်လှစ်ပို့ ချသည့် ပြည်ပအလုပ်အကိုင်ဆိုင်ရာလမ်းညွှန်မှုသင်တန်းတွင် လုပ်သားများ သိသင့်သိထိုက် သည့်အချက်များအား ထည့်သွင်းပို့ချသွားမည်ဖြစ်၍ လုပ်သားများအနေဖြင့် စိတ်ပါ ဝင်စားစွာဖြင့် မှတ်သားထားရန်လိုအပ်ပါကြောင်း၊

လုပ်သားများအနေဖြင့် မိမိအား တာဝန်ယူစေလွှတ်သည့် ပြည်ပအလုပ်အကိုင် အေဂျင် စီ၏ အမည်နှင့်ဖုန်းနံပါတ်များ၊ သွားရောက်လုပ်ကိုင်မည့် စက်ရုံအမည်၊ လိပ်စာ၊ အလုပ်သမား သံအရာရှိများ၏ ဖုန်းနံပါတ်များ၊ လုပ်ငန်းခွင်အတွင်း ကြီးကြပ်သူများ၏ အမည်၊ ဖုန်းနံပါတ် များကို သိရှိအောင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ပြည်ပလုပ်ငန်းခွင်သို့ ရောက်ရှိပြီး လုပ်ခလစာရရှိပါက မိသားစုလွှဲပို့ငွေများ ပုံမှန်လွှဲပို့နိုင်ရေး ကြိုးစားဆောင်ရွက်ရန်လိုအပ်ပြီး တရားဝင် လွှဲပို့နိုင်ရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ လုပ်ငန်းခွင်အတွင်း သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျစည်းကမ်းရှိစွာ နေထိုင်လုပ်ကိုင်ရန် လိုအပ်ကြောင်း အားပေးတိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC) ထုတ်ပေးနေသည့် ရုံးများနှင့် အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီ (POEA) ရုံးများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး HRD-Korea မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ EPS စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်းလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ ကြသည်။

အဆိုပါ ပြည်ပအလုပ်အကိုင်ဆိုင်ရာလမ်းညွှန်မှုသင်တန်းအား ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) မပြုလုပ်မီ ၁ ရက်ကြိုတင်ခေါ်ယူ၍ တစ်ရက်လျှင် ၄ ကြိမ်၊ တစ်ကြိမ်လျှင် အလုပ်သမားခန့်မှန်း ၂၀၀ ဦးစီဖြင့် ၂ နာရီကြာ သင်တန်းအား ၄-၇-၂၀၂၃ ရက်နေ့မှ စတင်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အလုပ်သမားဆေးရုံကြီး (ရန်ကုန်)သို့ ရောက်ရှိပြီး ဆေးရုံ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးက  ခေတ္တဆေးရုံ အုပ်ကြီးနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ အလုပ်ရှင်နှင့် အာမခံ အလုပ်သမားများ၏ အားကိုး ယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန် ဆောင်မှုများကို ပေးအပ်နိုင်ရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် လိုအပ်သည့်အခန်းကဏ္ဍတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လူနာ ကုသရေးလုပ်ငန်း၊ ဆေးရုံသုံးပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်း၊ သက်တမ်း လွန်/လေလွင့်ဆေး များ မဖြစ်စေရန်စီမံခြင်းနှင့် ဆေးရုံလုံခြုံရေးအလေးထားဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ပညာရှင်များဖြစ်သည့်အတွက် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန်နှင့် မိမိလုပ်ငန်းများ အောင်မြင်စေရန်အတွက် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လူမှုဖူလုံရေး အဖွဲ့သည် အာမခံအလုပ်သမားများ အားကိုး အားထားပြုရသည့် ဌာနတစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိက လိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှု ဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်နှင့် ယခုထက် ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးနိုင်ရန်  လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များ မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားဆေးရုံကြီးအတွင်း ပြင်ပလူနာဌာန၌ လာရောက်ပြသသည့် ပြင်ပလူနာများအား ဆေးဝါးကုသပေးနေမှုများကို ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးခဲ့ပြီး အတွင်းလူနာကုသပေးသည့် ကုသဆောင်များသို့ လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာခဲ့ကြောင်း သတင်းရရှိသည်။