အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ဖေဖော်ဝါရီ ၁၈ ရက်

Nice Way General Services Co., Ltd၊ Htet Mann Co., Ltd နှင့် Shwe Lann Pwint Co., Ltd တို့မှ ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းသို့ စေလွှတ်ထားသော အလုပ်သမား အမျိုးသား ၂၄၅ ဦး၊ အမျိုးသမီး ၆၁ ဦး၊ စုစုပေါင်း ၃၀၆ ဦးအနက် အလုပ်သမား အမျိုးသား ၅၂ ဦး သည် ၃၀-၁-၂၀၁၉ ရက်နေ့တွင် တရားမဝင်လမ်းကြောင်းမှတစ်ဆင့် မြဝတီမြို့သို့ ပြန်လည်ရောက်ရှိ ခဲ့သည်။

အလုပ်သမား ၃၀၆ ဦးအား အေဂျင်စီ ၃ ခုမှ အလုပ်ရှင်၊ အလုပ်သမားသဘောတူစာချုပ်ပါ ဆောက်လုပ်ရေးလုပ်ငန်းများသို့ မှန်ကန်စွာ စေလွှတ်ခဲ့ပြီး ယင်းအလုပ်သမားများသည် သုဝဏ္ဏဘူမိ လေဆိပ်ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ တစ်လခန့် လုပ်ကိုင်ပြီးချိန်တွင် လုပ်ခလစာ ပေးချေရန် နောက်ကျမှုအပေါ် အလုပ်သမား ၅၂ ဦးမှ အလုပ်သမားသံအရာရှိရုံး၊ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ရုံးနှင့် သက်ဆိုင်ရာအေဂျင်စီတို့ထံ တစ်စုံတစ်ရာ အသိပေး အကြောင်းကြားမှုမရှိဘဲ ထိုင်းနိုင်ငံရှိ တရားမဝင် အဖွဲ့အစည်းများ၏ လွဲမှားသော လမ်းညွှန်မှုကို ခံယူ၍ လုပ်ကိုင်နေဆဲအလုပ်များကို ပြီးပြတ်အောင်ဆောင်ရွက်ခြင်းမရှိဘဲ လုပ်ငန်းခွင်မှ ထွက်ခွာ သွားသူများဖြစ်ကြောင်း သိရှိရသည်။

လုပ်ငန်းခွင်၌ ကျန်ရှိခဲ့သည့် အလုပ်သမားများအား အလုပ်ရှင်မှ အခြားအလုပ်ဆိုက်များသို့ ပြောင်းရွှေ့လုပ်ကိုင်စေခဲ့ပြီး Samutprakan မြို့၌ လုပ်ကိုင်နေသည့် အလုပ်သမားများသည် တစ်နေ့လျှင် ၃၅၀ ဘတ်၊ Chonburi မြို့၌ လုပ်ကိုင်နေသည့် အလုပ်သမားများသည် တစ်နေ့လျှင် ၃၃၀ ဘတ်နှင့် Saraburi မြို့၌ လုပ်ကိုင်နေသည့် အလုပ်သမားများသည် တစ်နေ့လျှင် ၃၂၀ ဘတ်ဖြင့် ရရှိ၍ လုပ်ငန်းခွင်များ၌ အဆင်ပြေစွာ လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။

ယင်းသို့ အလုပ်သမားများ လုပ်ငန်းခွင်မှ ထွက်ခွာသွားမှုအပေါ် အလုပ်ရှင်နှင့် သက်ဆိုင်ရာ အေဂျင်စီတို့မှ သက်ဆိုင်ရာနယ်မြေရဲစခန်း၌ လူပျောက်တိုင်ကြားခြင်းများကို ဥပဒေနှင့်အညီ ဆောင် ရွက်ခဲ့ကြောင်း သိရှိရသည်။

အလုပ်သမားအနေဖြင့် အကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ အလုပ် ၃ ရက် တစ်ဆက်တည်း ပျက် ကွက်ခြင်း၊ အလုပ်မှ ထွက်ခွာခြင်းများ လုပ်ဆောင်ပါက ထိုင်းနိုင်ငံဥပဒေအရ အလုပ်ရှင်အနေဖြင့် အလုပ်ရပ်စဲပိုင်ခွင့်ရှိပြီး အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ဖျက်သိမ်းခြင်း၊ အမည်ပျက်စာရင်းသွင်းခြင်း နှင့် ထိုင်းနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ခြင်းများ လုပ်ဆောင်နိုင်သည်။

တရားမဝင်အဖွဲ့အစည်းများသည် အလုပ်သမားများ၏ နယ်မြေမကျွမ်းကျင်မှု၊ ဘာသာစကား နားမလည်မှုအပေါ် အခွင့်ကောင်းယူ၍ လွဲမှားနှောင့်ယှက်ခဲ့ပြီး အလုပ်သမားများ အကျိုးခံစားခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခြင်းမရှိဘဲ အလုပ်သမားများကို လုပ်ငန်းခွင်မှ ထွက်ခွာရန် ဆောင်ရွက် ခဲ့ခြင်း၊ တရားမဝင်လမ်းကြောင်းမှ ပြန်လည်စေလွှတ်ခဲ့ခြင်းတို့ကြောင့် အလုပ်သမားများအနေဖြင့် တရားဝင်အလုပ်သမားအဖြစ်မှ တရားမဝင်အလုပ်သမားအဖြစ်ရောက်ရှိကာ များစွာနစ်နာခဲ့ရသည်။

အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်၌ ပြဿနာဖြစ်ပွားပါက တရားဝင် စေလွှတ်ခဲ့သည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများနှင့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်တို့ထံ ဆက်သွယ်အကြောင်းကြား၍ ဖြေရှင်းစေနိုင်ပြီး ညှိနှိုင်းဆောင်ရွက် နိုင်မှုမရှိပါက အလုပ်သမားသံအရာရှိများထံ အကူအညီတောင်းခြင်းဖြင့် ဖြေရှင်းဆောင်ရွက်နိုင် သည်။

အလုပ်သမားများ မြဝတီမြို့သို့ ပြန်လည်ရောက်ရှိလာမှုအပေါ် မြဝတီမြို့၊ ရွှေ့ပြောင်းအလုပ် သမားရုံး တာဝန်ခံ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) မြဝတီမှ ဦးစီးအရာရှိနှင့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တာဝန်ရှိသူများမှ မြဝတီမြို့ရှိ လူမှု အဖွဲ့အစည်းများနှင့်အတူ သက်ဆိုင်ရာအေဂျင်စီများနှင့် အလုပ်သမားများကို ၃၁-၁-၂၀၁၉ ရက်နေ့ နှင့် ၁-၂-၂၀၁၉ ရက်နေ့တို့တွင် ညှိနှိုင်းပေးခဲ့ရာ အလုပ်သမားများမှ လုပ်အားခ ကျန်ငွေ၊ ကုန်ကျ စရိတ်ငွေနှင့် နစ်နာကြေးငွေများ တောင်းဆိုခဲ့မှုအပေါ် အေဂျင်စီများမှ လုပ်ငန်းခွင် မှန်ကန်စွာ စေလွှတ်ခဲ့ခြင်းဖြစ်၍ ကရုဏာကြေးအဖြစ် ခရီးစရိတ် ထောက်ပံ့ပေးမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းခွင် ၌ ရရန်ကျန်ရှိခဲ့သည့် လုပ်အားခများအား ပြန်လည်ရရှိရန် ထိုင်းနိုင်ငံဥပဒေနှင့်အညီ ကူညီဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ညှိနှိုင်းခဲ့မှုအပေါ် ပြေလည်မှုမရသဖြင့် နှစ်ဘက်အပြန်အလှန် တရားစွဲဆို နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အလုပ်ရှင်၊ အလုပ်သမားသဘောတူစာချုပ်ပါ အချက်များကို အလုပ်သမားများမှ ဖောက်ဖျက် ပါက နစ်နာမှုများကို လျော်ကြေးပေးရန်မဟုတ်ဟု ထိုင်းနိုင်ငံ၊ ပဋိဉာဉ်ဥပဒေ၌ ပြဋ္ဌာန်းထားပြီး ထိုင်းနိုင်ငံ၊ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၁၁၈ အရ အလုပ်သမားများ၏ နစ်နာမှုများကို တရားစွဲဆိုတောင်းဆိုခွင့်ရှိသကဲ့သို့ ပုဒ်မ ၁၁၉ အရ အလုပ်ရှင်၏လုပ်ငန်းပျက်စီး ဆုံးရှုံးများအတွက် နစ်နာမှုကို တရားစွဲတောင်းဆိုပိုင်ခွင့်ရှိသည်။

အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်၌ ချမှတ်ထားသော စည်းကမ်းများကို ချိုးဖောက် ခြင်း၊ ဥပဒေမှ ပြဋ္ဌာန်းထားသောအချက်များကို မလိုက်နာခြင်း၊ ပေါ့ဆခြင်းတို့ကြောင့် အလုပ်ရှင် အနေဖြင့် နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ရပြီး နှစ်နိုင်ငံ ချမှတ်ထားသည့် MoU လုပ်ငန်းစဉ်ကို ထိခိုက်စေ နိုင်သည်။

ယခုဖြစ်စဉ်မျိုး မဖြစ်ပွားစေရေး ပြည်ပသို့ သွားရောက်လုပ်ကိုင်သူများအနေဖြင့် ကြိုတင် လေ့လာသိရှိရေးနှင့် သိရှိလိုသည်များကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးများ၊ Migrant Resource Center များသို့ စုံစမ်းလေ့လာမေးမြန်းမှုများ ပြုလုပ်သင့်သည်။