နေပြည်တော် ဒီဇင်ဘာ ၂၆
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ တဲဟုန်ခရိုင်ပြည်သူ့အစိုးရ၊ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Liu Yipeng ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တဲဟုန်ခရိုင်ပြည်သူ့ အစိုးရ၊ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Liu Yipeng ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာအလုပ်သမားများအနေဖြင့် နှစ်နိုင်ငံနယ်စပ် ဝင်/ထွက်ပေါက် များမှတစ်ဆင့် တရားဝင် နေထိုင် အလုပ်လုပ်ကိုင်ရေးကိစ္စရပ်များ၊ တရုတ်နိုင်ငံအလုပ်ရှင်များ အပေါ် ကြပ်မတ်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ရာဇဝတ်မှု ဆိုင်ရာကိစ္စရပ်များနှင့် အခြား မလို လားအပ်သည့် အခြေအနေများမဖြစ်ပေါ်စေရေး MoU စနစ်ဖြင့် မြန်မာအလုပ်သမား စေလွှတ် နိုင်ရေး တရုတ်နိုင်ငံနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များ၊ တဲဟုန်ပြည်နယ်ခွဲ အစိုးရအဖွဲ့အနေဖြင့် MoU စနစ်ဖြင့် တရားဝင်အလုပ်လုပ်ကိုင်သည့် မြန်မာ အလုပ်သမားများနှင့် တရားမဝင်ရောက်ရှိ လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအတွက် အလုပ်သမား အခွင့်အရေး ပြည့်ဝစွာရရှိနိုင်ရေး ကူညီကာကွယ်စောင့်ရှောက်ပေးနိုင်ရေး ကိစ္စရပ်များနှင့် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် အလုပ်သမားပူးပေါင်းဆောင်ရွက်မှုများ ချစ်ကြည်ရင်းနှီးစွာ ဆောင် ရွက်နိုင်ရေး ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တရုတ်နိုင်ငံ၊ တဲဟုန်ပြည်နယ်ခွဲသို့ မြန်မာအလုပ်သမား MoU စနစ်ဖြင့် တရားဝင် စေလွှတ်နိုင်ရေးအတွက် တဲဟုန်ပြည်နယ် ခွဲအစိုးရနှင့် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက် မည့် နားလည်မှုစာချွန်လွှာ(MoU)ကို ၁၂-၁-၂၀၂၄ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မန်စီမြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
