အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၁။      မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်မှစတင်၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီး ILO ၏ နိုင်ငံတကာ အလုပ်သမားရေးရာ စံသတ်မှတ်ချက် ကွန်ဗင်းရှင်းများအနက် (၁၉) ခုကို လက်ခံကျင့်သုံးလျက်ရှိပါသည်။

၂။       ILO သည် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များဖြင့် “သုံးပွင့်ဆိုင်” ပူးပေါင်းဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသုံးပွင့်ဆိုင် ကိုယ်စားလှယ် အဖွဲ့အနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံသို့ နှစ်စဉ်တက်ရောက်ခဲ့ပါ သည်။ သို့သော် ၂၀၂၁ ခုနှစ်မှစတင်၍ ILO အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ညီလာခံ တက်ရောက် မည့် သုံးပွင့်ဆိုင်ကိုယ်စားလှယ်အမည်စာရင်း တင်သွင်းခဲ့သည့်အပြင် အစိုးရက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် NUG ကလည်း ညီလာခံတက်ရောက်မည့် ကိုယ်စား လှယ်အမည်စာရင်းကို သီးခြားအပြိုင်တင်သွင်းခဲ့ပါသည်။ ထိုသို့ အမည်စာရင်းနှစ်ခု တင်သွင်း ခဲ့ခြင်းကြောင့် ILO က နှစ်ဖက်စလုံး၏ တင်သွင်းမှုကို လက်မခံဘဲ မြန်မာနိုင်ငံမှ သုံးပွင့်ဆိုင် ကိုယ်စားလှယ်များ ညီလာခံတက်ရောက်ခွင့်ကို ရပ်ဆိုင်းထားခဲ့ပါသည်။ ယခု ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပလျက်ရှိသော (၁၁၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံသို့ ပြည်သစ်ညွန့်ဝေ (ခ) မောင်မောင်၊ ဖြိုးစန္ဒာစိုး၊ ခိုင်ဇာ အောင်နှင့် စိုးစန္ဒာကျော်တို့သည် မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ်မဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ITUC) ၏ ကိုယ်စားလှယ်များအဖြစ် တက်ရောက်ခဲ့ကြခြင်း ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (International Trade Union Confederation – ITUC) က မြန်မာနိုင်ငံအလုပ်သမားထုကို အမှန်တကယ်ကိုယ်စားပြုခြင်း မရှိသူများကို ၎င်း၏ကိုယ်စားလှယ်များအဖြစ် ၂၀၂၅ ခုနှစ်မှစတင်၍ ညီလာခံတက်ရောက် ခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။

၃။      ယခင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (Confederation of Trade Unions Myanmar – CTUM) ဥက္ကဋ္ဌ ပြည်သစ်ညွန့်ဝေ (ခ) မောင်မောင်သည် ၂၀၁၅ ခုနှစ်မှ စတင်ကာ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များပါဝင်သည့် “နိုင်ငံတော်အဆင့် သုံးပွင့်ဆိုင်ယန္တရား” တွင် ပူးပေါင်းဆောင်ရွက်ခဲ့သူ ဖြစ်သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းတွင် ၎င်းဦးဆောင်သည့် CTUM သည် သုံးပွင့်ဆိုင်ယန္တရားမှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပါသည်။ ၎င်းသည် နိုင်ငံတော်၏အုပ်ချုပ်ရေးယန္တရားရပ်တန့်စေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းများနှင့် စက်မှုဇုန်ရှိ အလုပ်သမားများအား DCS လှုပ်ရှားမှုတွင် ပါဝင်လာစေရန် စည်းရုံးလှုံ့ဆော်ခဲ့သည့်အပြင် ပြည်ပမှနေ၍ မြန်မာနိုင်ငံအစိုးရကို ဆန့်ကျင်ဝါဒဖြန့်ခြင်း၊ စီးပွား ရေးပိတ်ဆို့မှုများပြုလုပ်ရန် လှုံ့ဆော်ခြင်း၊ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံတကာကုမ္ပဏီများ ပြန်လည်ထွက်ခွာသွားစေရန်နှင့် အသစ်ထပ်မံလာရောက်မှုမရှိစေရန် တိုက်တွန်းခြင်း စသည့် နိုင်ငံတော်နှင့် ပြည်သူများလူထု၏ အကျိုးစီးပွားကို ထိခိုက်နစ်နာ စေမည့်ပြောကြားချက်များနှင့် သတင်းများကို အစဉ်တစိုက်ထုတ်လွှင့်နေခဲ့ပါသည်။

၄။      ထိုသို့ ဥက္ကဋ္ဌအပါအဝင် အလုပ်အမှုဆောင်ဟောင်းအချို့ မြန်မာနိုင်ငံမှ ထွက်ပြေး တိမ်းရှောင် သွားချိန်မှစ၍ ဦးဆောင်မည့် အလုပ်အမှုဆောင်အဖွဲ့ မရှိတော့သည့်အပြင် ယခင်အဖွဲ့၏ သက်တမ်း သည်လည်း ၂၀၂၂ ခုနှစ်တွင် ကုန်ဆုံးသွားခဲ့ပြီးဖြစ်ပါသည်။ ထိုအခါ ပြည်တွင်း၌ ကျန်ရှိနေသော အဖွဲ့ဝင်များသည် အလုပ်သမားထု၏အကျိုးစီးပွားကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အလုပ်အမှုဆောင်အဖွဲ့သစ်ကို ပြန်လည်ဖွဲ့စည်းရန် လိုအပ်လာခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံ အတွင်း လက်ရှိအမှန်တကယ်လုပ်ကိုင်နေကြသည့် အဖွဲ့ဝင်အလုပ်သမားများသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ညီလာခံတစ်ရပ်ကို ခေါ်ယူ၍ အလုပ်သမားအများစု၏ ဆန္ဒနှင့်အညီ “အလုပ်သမားအဖွဲ့အစည်း ဥပဒေ” အရ အလုပ်အမှုဆောင်အဖွဲ့ကို တရားဝင်ပြန်လည်ရွေးချယ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (Confederation of Trade Unions Myanmar – CTUM) ကို ဖွဲ့စည်းခဲ့ရခြင်းဖြစ်ပါသည်။ ပြည်ပသို့ ရောက်ရှိနေသည့် မောင်မောင် ဦးဆောင်သော ယခင်အလုပ် အမှုဆောင်ဟောင်းအချို့ကမူ ယခုပြည်တွင်း၌ တရားဝင်ပြန်လည်ရွေးချယ်ထား သည့် CTUM အဖွဲ့ကို “အတုအယောင် အဖွဲ့အစည်း” ဟု သတင်းမှားများ ဖြန့်ဝေလျက်ရှိသည်။

၅။      ILO အနေဖြင့် ၂၀၂၁ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံက လက်ခံကျင့်သုံးထားသည့် လွတ်လပ်စွာ ဖွဲ့စည်းခွင့်ဆိုင်ရာ ကွန်ဗင်းရှင်းအမှတ် (၈၇) နှင့် အဓမ္မခိုင်းစေမှုဆိုင်ရာ ကွန်ဗင်းရှင်းအမှတ် (၂၉) တို့ကို လိုက်နာရန် ပျက်ကွက်သည်ဟု စွပ်စွဲကာ ၂၀၂၂ ခုနှစ်တွင် စုံစမ်းစစ်ဆေးရေးကော်မရှင် (Commission of Inquiry – CoI) ကို ဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် များထံမှ ရရှိသည့် အချက်အလက်များအပေါ် အခြေခံ၍ အစီရင်ခံစာပါ တိုက်တွန်းချက်များကို မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သည်ဟု ဆုံးဖြတ်ကာ ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် မြန်မာနိုင်ငံအပေါ် အရေးယူဆောင်ရွက်သည့် ဆုံးဖြတ်ချက်အဆိုကို ချမှတ်ခဲ့ပြီး ပိုမိုဖိအားပေး လာခဲ့ပါသည်။ ILO အနေဖြင့် မြန်မာနိုင်ငံအစိုးရကပေးပို့သည့် အချက်အလက်မှန်များကို အလေး အနက်ထား စိစစ်အတည်ပြုခြင်းမရှိဘဲ မောင်မောင်အပါအဝင် ဆန့်ကျင်ဘက်အဖွဲ့အစည်း များက ITUC (International Trade Union Confederation) မှတစ်ဆင့် ပေးပို့သည့် အထောက်အထားခိုင်လုံမှုမရှိသော သတင်းမှားများကိုသာ အတည်ပြုရယူလျက် အလုပ်သမားထု တစ်ရပ်လုံးအကျိုးစီးပွားပျက်ပြားစေမည့် တစ်ဖက်သတ်ဆုံးဖြတ်ချက်များကို အစဉ်တစိုက် ချမှတ်ခဲ့ပါသည်။

၆။      ထိုသို့ မြန်မာနိုင်ငံအစိုးရအပေါ် ILO ၏ ဖွဲ့စည်းပုံစည်းမျဉ်းများနှင့် မကိုက်ညီသည့် ဆုံးဖြတ်ချက်များကို ချမှတ်နေသော်လည်း မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းရှိ အလုပ်ရှင်၊ အလုပ်သမားများ၏ လူမှုစီးပွားဘဝတိုးတက်ရေးကို ရှေးရှု၍ ILO နှင့် စဉ်ဆက်မပြတ် ဆက်လက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ILO သို့ နှစ်စဉ်ပေးသွင်းရမည့် အဖွဲ့ဝင်ကြေးများကို ပေးသွင်း လျက်ရှိပြီး ILO ၏ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ရေးအရာရှိကို ၂၀၀၂ ခုနှစ်ကတည်းက ရန်ကုန် မြို့တွင် ရုံးခန်းဖွင့်လှစ်ခွင့်ပြုကာ လက်ခံထားရှိပေးခဲ့သည်။ လက်ရှိအချိန်တွင်မူ ILO အနေဖြင့် မြန်မာနိုင်ငံအပေါ် ယခင်ကထက် ပိုမိုဖိအားပေးမည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်အတွက် စောင့်ကြည့်ရေးယန္တရားတစ်ရပ်ကို ထူထောင်ကာအချက်အလက်များကို လျှို့ဝှက်ရယူ ဆောင်ရွက် သွားရန် စီစဉ်ထားကြောင်း သိရှိရသည်။

၇။      ILO က ယခုကဲ့သို့ အရေးယူဆောင်ရွက်ခြင်းသည် အချို့သောနိုင်ငံများက မြန်မာနိုင်ငံအား နိုင်ငံရေးအရ ဖိအားပေးလိုသဖြင့် အလုပ်သမားအရေးကို အကြောင်းပြကာ အသုံးချနေခြင်း ဖြစ်ပါသည်။ အလုပ်သမားရေးရာနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသည့် နိုင်ငံရေး နှီးနွယ်သော ကိစ္စရပ်များအတွက် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအပေါ် ဖိအားပေးရန် ရည်ရွယ်လုပ်ဆောင်နေခြင်းလည်း ဖြစ်ပါသည်။ ထိုသို့အသုံးချပြီး ချမှတ်ထားသော ILO ၏ ဆုံးဖြတ်ချက်များကြောင့် နိုင်ငံတကာမှ အရေးယူပိတ်ဆို့မှုများ ထပ်မံပေါ်ပေါက်လာပါက ပြည်သူလူထုနှင့် အခြေခံအလုပ်သမားများ တိုက်ရိုက်ထိခိုက်နစ်နာခြင်း၊ ၎င်းတို့ကို မှီခိုနေရသည့် မိသားစုဝင်များ၏ လူမှုစီးပွားဘဝ အခက်အခဲ ဖြစ်ပေါ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါသည်။

၈။      အလုပ်သမားများ၏ အကျိုးစီးပွားအတွက် အားကိုးအားထားပြုရမည့် ILO ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းကြီးသည် မူလဦးစားပေးရည်မှန်းချက်များကို မျက်ကွယ်ပြုပြီး အလုပ်သမားထု၏ အကျိုးစီးပွားကို ယုတ်လျော့စေမည့် ဆုံးဖြတ်ချက်များထွက်ပေါ်လာစေရန် လုပ်ဆောင်နေသော နိုင်ငံအချို့နှင့် အဖွဲ့အစည်းအချို့၏ အသုံးချခံနေရာတစ်ခုဖြစ်နေသည်။ ILO အနေဖြင့် ပြည်တွင်းရှိ အလုပ်သမားထုကို အမှန်တကယ်ကိုယ်စားပြုခြင်းမရှိသည့် နိုင်ငံ အကျိုးစီးပွားနှင့် အလုပ်သမားများ၏ အကျိုးစီးပွားကို ပျက်စီးစေလိုသည့် လုပ်ရပ်များကို လုပ်ဆောင်နေသော၊ လက်တွေ့တွင် အလုပ်သမားများ၏ အကျိုးအတွက် ဆောင်ရွက်နေခြင်း အလျဉ်းမရှိသည့် အမည်ခံလူနည်းစုကပေးသည့်သတင်းရင်းမြစ်ကို အတည်ပြုပြီး လုပ်ဆောင် နေသ၍ မြေပြင်ရှိ အလုပ်သမား/အလုပ်ရှင်အကျိုးစီးပွား၊ အလုပ်အကိုင်အခွင့်အလမ်းများ နစ်နာ နေမည်သာဖြစ်ပါကြောင်း ILO နှင့် ပြည်ပြေးလူတစ်စု၏ ဆောင်ရွက်နေမှုများအား အများပြည်သူ သိရှိသတိပြုနိုင်စေရန် အသိပေးထုတ်ပြန်အပ်ပါသည်။