အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ အလုပ်သမားများ တရားဝင် စေလွှတ်ခြင်းနှင့်ပတ်သက်၍ ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင် ဆိုင်ရာဥပဒေအရ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအား အကျိုးဆောင် လိုင်စင်များ ထုတ်ပေးလျက်ရှိရာ ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ခြင်းနှင့်စပ်လျဉ်း၍ အေဂျင်စီများလိုက်နာရမည့် စည်းကမ်းချက်များအား ထုတ်ပြန်ကာ စည်းကမ်းလိုက်နာမှုမရှိသည့် အေဂျင်စီများကို အရေးယူဆောင်ရွက်လျက်ရှိသကဲ့သို့ တရားမဝင် အလုပ်သမား စုဆောင်းသည့် ပွဲစားများကို ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေနှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်လျက် ရှိပါသည်။
ယင်းသို့ အရေးယူဆောင်ရွက်ရာတွင် အကျိုးဆောင်လိုင်စင်ထုတ်ပေးထားသည့် ပြည်ပ အလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၂၅၆ ခုအနက် အေဂျင်စီ ၁၆ ခုအား ပြစ်မှု အလိုက် ကာလကန့်သတ်ချက်ဖြင့် ပိတ်သိမ်းထားခဲ့ပြီး ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် ပြည်ပအလုပ်ကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၄ ခုနှင့် တရားမဝင် အလုပ်သမား စုဆောင်း ပြီး ငွေကြေးကောက်ခဲ့သူ ၄၅ ဦးအား တရားစွဲဆိုဆောင်ရွက်လျက်ရှိပါသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန